သီပေါတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်အိတ်ဇောဖွင့် စီးနင်းသူများအားဖမ်းဆီး တရားစွဲတင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်အိတ်ဇောဖွင့် စီးနင်းသူများအားဖမ်းဆီး တရားစွဲတင်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် အောက်တိုဘာလ ၂၀ ရက်က ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းစဉ်များနှင့် အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ခဲ့ရာ ဆိုင်ကယ်အိတ်ဇောဖွင့်စီးသူ ၃ ဦးအား ဖမ်းဆီး၍ တရားစွဲတင် ခဲ့ကြောင်း သီပေါမြို့၊ အမှတ် (၁၂၂)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။
.
.
“ဒါက ၄ ကြိမ်မြောက်ဖမ်းဆီးတာပါ။ ဒီနှစ်ထဲမှာပဲ အစီး ၂၀ လောက် ဖမ်းဆီးခဲ့ပြီးပါပြီ။ သီတင်းကျွတ် ကာလ ရုံးတွေ၊ ကျောင်းတွေ ပိတ်တဲ့အချိန် အများပြည်သူ စိတ်လက်ချမ်းသာ အန္တရာယ်ကင်းရှင်းစေဖို့ ကြိုတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု သီပေါမြို့၊ အမှတ် (၁၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ယာဉ်ထိန်းတာဝန်ခံ တပ်ကြပ်ကြီးဇော်ဝင်းလတ်က ပြောသည်။
.
သီပေါမြို့ စာတိုက်လမ်းဆုံဖြစ်သည့် မိုင်းပွန်လမ်းထောင့်တွင် အောက်တိုဘာလ ၂၀ ရက် နံနက် ၉ နာရီမှ ၁၀ နာရီခွဲအချိန် အထိ သီပေါမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ၊ မီးသတ်စသည့် ပူးပေါင်းအဖွဲ့များဖြင့် အများပြည်သူအတွက် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆိုင်ကယ်စီးရေ ၁၂၀ ကျော်အား ဆိုင်ကယ်စီးဦးထုပ် စနစ်တကျ ဝတ်ဆင်အသုံးပြုရေးပညာပေးခြင်း၊ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များတွင် ရောင်ပြန်စတစ်ကာများ တပ်ဆင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးပညာပေး ဆောင်ရွက်ရာတွင် ဆိုင်ကယ်အိတ်ဇောဖွင့်ကာ အသံဆူညံစွာမောင်းနှင်သူ ၃ ဦးအား ၂၀၁၅ ခုနှစ်၊ ယာဉ်ဥပဒေ ပုဒ်မ ၅၄(ဇ)/၆၂ ဖြင့် တရားစွဲတင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats