ကျိုင်းတုံမြို့တွင် သားငါးဈေး တည်ငြိမ်နေသော်လည်း ကြက်ဥ၊ ဘဲဥဈေး မြင့်တက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့တွင် သားငါးဈေး တည်ငြိမ်နေသော်လည်း ကြက်ဥ၊ ဘဲဥဈေး မြင့်တက်နေ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မဈေးကြီးအတွင်းနှင့် ဈေးငယ်များ၊ အိမ်ဆိုင်များတွင် လက်လီရောင်းချ နေသည့် ကြက်ဥ၊ ဘဲဥဈေးနှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်နေပြီး ကြက်၊ ဝက်၊ အမဲ၊ ငါး စသည့် သားငါးဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးတည်ငြိမ်နေကြောင်း သိရသည်။
.
 
.
ကျိုင်းတုံမြို့တွင် ယခင်နှစ် အောက်တိုဘာလအတွင်းက ကြက်ဥ ၁၀ လုံးလျှင် ၁၂၀၀ ကျပ်နှင့် ဘဲဥ ၁၀ လုံး လျှင် ၁၅၀၀ ကျပ် ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ကြက်ဥ ၁၀ လုံးလျှင် ၁၅၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဘဲဥ မှာ ၁၀ လုံးလျှင် ၂၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူစားသုံးနေရကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကြက်ဥ၊ ဘဲဥဈေးနှုန်း မြင့်တက်လာမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်နေ ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းဝင်းက “အဓိက ကတော့ ကြက်စာဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။ အရင်နှစ် ဒီအချိန်က ပြောင်း ၁ ပုံးကို ၃၅၀၀ ကျပ်ပဲ ရှိပေမဲ့ ဒီနှစ် ပြောင်းသစ်မပေါ်ခင်မှာပဲ ၅၀၀၀ ကျပ်ဈေး ဖြစ်နေပါတယ်။ ထိုင်းဘက်ကဝင်တဲ့ ဖြည့်စွက်အစာနဲ့ ကြက်ဆေးတွေလည်း ထိုင်းဘတ်ဈေးနဲ့အတူ လိုက်တက်တာရှိပါတယ်”ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့တွင် ကြက်ဥနှင့် ဘဲဥဈေးမှာ မြင့်တက်နေသော်လည်း ကြက်၊ ဝက်၊ အမဲသားနှင့် ငါးဈေးနှုန်း များမှာ အပြောင်းအလဲမရှိဘဲ တည်ငြိမ်နေပြီး ဝက်သားနှင့် အမဲသား ၁ ပိဿာလျှင် ကျပ် ၁၀၀၀၀၊ ဝက်သား သုံး ထပ်သား အဆီ၊ အရိုးရော များကို တစ်ပိဿာလျှင် ကျပ် ၇၀၀၀ မှ ၈၀၀၀ ဈေးဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
.
“အသားဈေးက ပုံမှန်ပဲဆိုပေမဲ့ ရတဲ့ရိက္ခာငွေနဲ့ အသားချည်းမဟုတ်ဘဲ တစ်ပတ်မှာ ၅ ရက်လောက်ပဲ အသားကျွေးပါတယ်။ ကျန်တဲ့ရက်က ကြက်ဥဖြစ်စေ၊ ငါးခြောက်ဖြစ်စေ ချက်ကျွေးရပါတယ်။ အမဲသားနဲ့ ဝက်သား မစားသူတွေအတွက်လည်း ကြက်ဥပဲဆိုတော့ ဝယ်သူများလို့ ဈေးတက်တာလည်း ဖြစ်နိုင်ပါတယ်”ဟု သင်တန်းသား/ သူများအား ချက်ပြုတ်ကျွေးမွေးရန် နေ့စဉ် ဈေးဝယ်ထွက်နေသည့် မခင်နှင်းဆီကလည်း ၎င်း၏ အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသည် ငြိမ်းချမ်းရေးမရရှိခဲ့စဉ်က ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ)နှင့် တပ်မတော်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည့် ၁၉၈၀ နှစ်များအတွင်းက ဒေသခံတိုင်းရင်းသားများ စားသုံးရန်အတွက် ကြက်ဥနှင့် ဘဲဥကို တောင်ကြီးနှင့် ရွှေညောင်မြို့ များမှ ဝယ်ယူ၍ ပြန်လည်ဖြန့်ဖြူးရောင်းချပေးခဲ့ရကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats