ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စက်တင်ဘာလ ၂၃ ရက်က
အသက် (၁၄) နှစ်အရွယ်ရှိ အဋ္ဌမတန်း ကျောင်းသူတစ်ဦးအား တစ်ကျောင်းတည်းအတူနေ ကျောင်းသူ
၉ ဦးမှ ညစ်ညမ်းစွာ ဆဲရေးခြိမ်းခြောက်ပြောဆိုပြီး မြေပြင်၌ ဒူးထောက်ထိုက်ကန်တော့ခိုင်းမှု
ဖြစ်ပွားခဲ့ပြီး ကန်တော့ခိုင်းသူ မိန်းကလေး၏ ဖခင်မှလည်း ထပ်မံ၍ ညစ်ညမ်းစကားပြောဆိုခြိမ်းခြောက်ခဲ့သဖြင့်
ကျိုင်းတုံမြို့မရဲစခန်းတွင် အောက်တိုဘာလ ၁၃ ရက်က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့နယ်၊ ဝမ်ဆောင်းကျေးရွာအုပ်စု၊ ဝမ်နောင်ရွာတွင် နေထိုင်သည့်
အဋ္ဌမတန်းကျောင်းသူ မနန်းစံစွမ် (၁၄ နှစ်) အား တစ်ကျောင်းတည်းအတူနေ မနန်းခမ်းတစ် အပါအဝင်
မိန်းကလေး ၉ ဦးက စက်တင်ဘာလ ၂၃ ရက်တွင် ကျိုင်းတုံမြို့၊ တောင်ကြီးလမ်း၊ ဘူတာရုံးဝင်းဟောင်းသို့
ခေါ်ဆောင်ကာ ညစ်ညမ်းစကားများပြောဆိုခဲ့ပြီး မြေပြင်တွင် ထိုင်ကန်တော့ခိုင်းခဲ့သည့်အပြင်
ကျန်မိန်းကလေးများမှ လှောင်ပြောင်သရော်ခြင်းနှင့် ခြေထောက်ဖြင့် ချိန်ရွယ်ခြင်းများ
ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မနန်းစံဟွမ်၏ အုပ်ထိန်းသူဖခင် ဦးစိုင်းရီ
သိရှိပြီးနောက် မနန်းခမ်းတစ်၏ ဖခင် ဦးစိုင်းဆမ်အား ဆက်သွယ်ရာတွင် ဦးစိုင်းဆမ်မှ ထပ်မံခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း
သိရသည်။
.
“ဖြစ်စဉ်မှာ ပါဝင်တဲ့ မနန်းခမ်းတစ်ပါ မိန်းကလေး ၉ ဦးနဲ့ ဦးစိုင်းဆမ်တို့ကို
ဖမ်းဆီးစစ်ဆေးပြီး တရားစွဲဆိုတင်ပို့ဖို့ စီစဉ်နေဆဲဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့မရဲစခန်းမှ
အမှုစစ်အရာရှိ ဒုရဲအုပ်နေမျိုးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
သို့ဖြစ်၍ မနန်းခမ်းတစ်ပါ မိန်းကလေး ၉ ဦး၏ ပြုမှုလုပ်ဆောင်မှုအား
ပြည်သူလူထု စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး လူငယ်များ အတုယူမှားကာ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ
ထပ်မံမဖြစ်ပွားစေရေးအတွက် ကျောင်းဆရာ/ဆရာမ များက အခင်းဖြစ် မိန်းကလေးများနှင့် မိဘအုပ်ထိန်းသူများအား
ခေါ်ယူတွေ့ဆုံ၍ ဝန်ခံကတိပြုလက်မှတ် ရေးထိုးစေခဲ့ပြီးနောက် ယခုကဲ့သို့ ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး
မနန်းခမ်းတစ်ပါ မိန်းကလေး ၉ ဦးနှင့် ဦးစိုင်းဆမ် တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင်
(ပ) ၄၅၅ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၅၄/၃၂၃/၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan