စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ဖြစ်ပွားနေသည့်
စစ်ရေးဆိုင်ရာပဋိပက္ခများကြောင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားဥပေဒစိုးမိုးရေး
ပျက်သုန်းဆုတ်ယုတ်နေမှုများဖြစ်ပွားလျက်ရှိရာ အထူးစိုးရိမ်ပူပန်ကြောင်းနှင့် ထိုလုပ်ရပ်များတွင်
ပါဝင်ပတ်သက်နေသူများ အားလုံးကို အပြင်းအထန်ရှုတ်ချကြောင်း ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသူ
အဖွဲ့အစည်းများမှ သဘောထားကြေညာချက်ကို အောက်တိုဘာလ ၁၀ ရက်တွင် စုပေါင်းထုတ်ပြန်ခဲ့သည်ဟု
သိရသည်။
.
.
ထိုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းများမှာ ပအိုဝ်းအမျိုးသမီးများ
သမဂ္ဂ-PWU၊ ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း-SWAN၊ တအာန်း အမျိုးသမီးများ
အစည်းအရုံး-TWO၊ လားဟူ အမျိုးသမီးများ အစည်းအရုံး-LWO တို့ဖြစ်ကြောင်း သိရသည်။
“လက်ရှိ ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို
မီးမောင်းထိုးပြပြီး ဒီပဋိပက္ခတွေရဲ့ အကျိုးဆက်ဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေကို
ဆိုးရွ့ားတဲ့ အကျိုးဆက်တွေနဲ့ ထိခိုက်စေတာ ဖြစ်တဲ့အတွက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ
(WLB) ဝင် အဖွဲ့တွေစုပေါင်းပြီး ပဋိပက္ခတွေကို ဖန်တီးနေတဲ့သူတွေကို သိစေချင်လို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု တောင်ကြီးမြို့ရှိ
ပအိုဝ်းအမျိုးသမီးများသမဂ္ဂမှ အမှုဆောင်ဒါရိုက်တာ ဒေါ်နန်းဇင်နွယ် က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ အဖွဲ့များ၏ စုပေါင်းထုတ်ပြန်ကြေညာချက်တွင် NCA လက်မှတ်ရေးထိုးထားသည်ဆိုသော်လည်း
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း၊ RCSS နှင့် TNLA မြောက်ပိုင်းမဟာမိတ်အဖွဲ့များ
စစ်ရေးပဋိပက္ခဖြစ်ပွားနေခြင်း၊ ရှမ်းတပ်အချင်းချင်းဖြစ်သည့် RCSS နှင့် SSPP တို့အကြား
တိုက်ပွဲများနှင့် ဆက်ဆံရေးတင်းမာမှု ဖြစ်ပွားနေခြင်း၊ တရားဥပဒေဆိုင်ရာ တာဝန်ရှိသူများက
ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန်ပျက်ကွက်သည့်အပြင် ကျူးလွန်နေသူများအား မျက်ကွယ်ပြု ဆက်လက်ကျူးလွန်ခွင့်ပြုနေခြင်းတို့ကြောင့်
အကျိုးဆက်များအနေဖြင့် ပြည်သူလူထုမှာ အိုးအိမ်များစွန့်ခွာ၍ စစ်ရှောင်နေကြရခြင်း၊ လက်နက်ကိုင်အဖွဲ့များမှ
နည်းလမ်းအမျိုးမျိုးသုံး၍ အတင်းအဓမ္မ စစ်အင်အားစုဆောင်းခြင်းများ၊ အရပ်သားများအား အကြောင်းမဲ့ဖြစ်စေး၊
အကြောင်းအမျိုးမျိုးဖြင့်ဖြစ်စေ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊
အစအနဖျောက်ခြင်း၊ သွားလာမှုပိတ်ဆို့ခြင်းများ၊ နေအိမ်များအတွင်းသို့ အတင်းအကြပ် ဝင်ရောက်ရှာဖွေခြင်း၊
ပစ္စည်း များဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ရိုက်နှက်ခြင်းများ၊ အမျိုးသမီးနှင့်ကလေးငယ်များအပေါ်
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ လူမျိုးရေးမုန်းတီးမှုများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်ခြင်းများ
ဖြစ်ပေါ်လျက်ရှိပြီး မကြာမီကပင် ကျောက်မဲမြို့၊ ရွှေကျင် ကျောင်းတိုက်ဆရာတော် ဦးကလျာဏ၀ံသကို
အမည်မသိသေနတ်သမား ၂ ယောက်မှ ပစ်ခတ်သတ်ဖြတ်မှုကို ကြည့်ခြင်း အားဖြင့် ရှမ်းပြည်အတွင်းတရားဥပဒေစိုးမိုးရေး
လုံးဝကင်းမဲ့နေကြောင်း သက်သေအခိုင်အမာပြနေသည်ဟု ဖော်ပြထား သည်။
.
ရှမ်းပြည်နယ်အတွင်းနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအနေဖြင့်
မိမိတို့ နှင့်သက်ဆိုင်သည့် အရပ်သားပြည်သူလူထုတို့၏ အသက်၊ လွတ်လပ်မှုနှင့် ပိုင်ဆိုင်မှုများကို
အကာအကွယ်ပေးရန် ရည် ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများဖြစ်သည်ဟု နားလည်ထားပါကြောင်း၊
သို့သော် ယခုအခါ လူထုမှာ အသက်၊ လွတ်လပ်မှုနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးနေရကြောင်း၊
လူ့အခွင့်အရေးချိုးဖောက်မှုများ ကိုရင်ဆိုင်နေကြရ ကာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်းတို့သည်
ထိုအဖွဲ့အစည်းများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း၊ သက်ဆိုင်နေသည့်အတွက်
များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ချုပ်ငြိမ်း၍
ပြည်သူလူထု၏ လုံခြုံဘေးကင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးတို့အတွက် ပဋိပက္ခများတွင်
ပါဝင်ပတ်သက်နေသူများအားလုံး ထိုလုပ်ရပ်များကို ရပ်တန့်ရန် အထူးလိုအပ်ကြောင်း၊ အားလုံး၏
ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို
အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်နက်ကိုင်အဖွဲ့အ
စည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများအကြား အပြန်အလှန် လေးစားနားလည်မှုတို့ဖြင့်
ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်ကြောင်းဖြင့် ထုတ်ပြန် ချက်တွင်
ဖော်ပြပါရှိသည်။
.
ယင်းကြေညာချက်ကို စုပေါင်းထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းများအနက် လားဟူအမျိုးသမီးအစည်းအရုံးကို
၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ လည်းကောင်း၊ PWU
ပအိုဝ်းအ မျိုးသမီးသမဂ္ဂကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၁၉၉၉ ခုနှစ်၌လည်းကောင်း၊
တအာန်းအမျိုးသမီးများ အစည်းအရုံးကို ၂၀၀၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် လည်းကောင်း၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းကို ၁၉၉၉ ခုနှစ်၊ မတ်လ ၂၈ ရက်တွင်လည်းကောင်း စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan