မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊
မယ်ယန်းရွာတွင် အောက်တိုဘာလ ၂၅ ရက်၊ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးသယ်ဆောင်သူ လူငယ်တစ်ဦးထံမှ
ငွေကျပ်သိန်းပေါင်း ၄ဝဝ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၅ ရက်နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်က သက်သေများနှင့်အတူ
တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဧဒင်ရွာအေးရိပ်မြိုင်လမ်းမပေါ်တွင် မူးယစ်ဆေးဝါးတားဆီး
နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် မိုင်းဆတ်မြို့၊ မိုင်းတွမ်းအုပ်စု၊ လော့ပါရင်(ခ)လွယ်ပါရင်ရွာဘက်မှ
တာချီလိတ်မြို့၊ ဖန်မင်အုပ်စု၊ မယ်ယန်းရွာ ဘက်သို့ မောင်းနှင်လာသော နံပါတ်မပါ Honda
Wave-i (125) ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်မောင်းနှင်သူ ကျလဲမှ
ဆိုင်ကယ်အားလှဲချခဲ့ပြီး လာရာလမ်းအတိုင်း ကိုယ်လွတ်ရုန်းထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ
ကိုက် ၃ဝဝဝ ခန့်အကွာရှိ ရာဘာခြံရှေ့ လမ်းယာဘက်ချုံတောအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၄င်းလှဲချခဲ့သည့်
ဆိုင်ကယ်အား သက်သေများရှေ့ စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ WY စာတမ်းပါ ပန်းရောင်
စိတ်ကြွဆေးပြား ၄ဝဝဝဝ ပြား၊ အလေးချိန် လေးကီလိုဂရမ်ခန့်(တန်ဖိုးငွေကျပ်သိန်း ၄ဝဝ ခန့်)နှင့်
ဖုန်းတစ်လုံးတို့အား တွေ့ရှိသဖြင့် ၄င်း စီးနင်းလာသော ဆိုင်ကယ်နှင့်အတူ သက်သေများရှေ့
ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
''ဒီလမ်းကြောင်းမှာ မူးယစ်ဆေးဝါးသယ်ဆောင်တွေကို ဖမ်းဆီးရမိတာ လေးငါးကြိမ်လောက်တော့
ရှိပါပြီး၊ လမ်းဘေးမှာ ချုံတောတွေ၊ ရာဘာတောတွေရှိတော့ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေအတွက်
ပြေးဖို့နေရာ တစ်ခုလိုဖြစ်နေတာပေါ့၊ အခုလို နေ့လယ် ထင်သာမြင်သာ ရှိရင်တော့ ဖမ်းဆီးရမိတာပေါ့''ဟု
ဖမ်းဆီးရာတွင်ပါဝင်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ကျလဲ (၁၈ နှစ်) လွယ်ပါရင်ရွာ၊
မိုင်းတွမ်းအုပ်စု၊ မိုင်းဆတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၁ဝ၈/ ၂ဝ၁၈၊
မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan