မိုင်းပန်တွင် တောင်ကျချောင်းရေများ နမ့်ပန်ချောင်းအတွင်းတဟုန်ထိုးကျဆင်းမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်တွင် တောင်ကျချောင်းရေများ နမ့်ပန်ချောင်းအတွင်းတဟုန်ထိုးကျဆင်းမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ တောင်ကြီးမိုင်းပန်လမ်းတွင် အောက်တိုဘာလ ၁၀ ရက်က ရေလွှမ်းမိုးနေသဖြင့် ခရီးသွားကားများ ရေအကျအားစောင့်ဆိုင်း၍ သွားလာလျက်ရှိပြီး လမ်းဦးစီးဌာနမှလိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါလမ်းပိုင်းသို့တာဝန်ယူရသည့် လက်ထောက်အင်ဂျင်နီယာ ဦးနိုင်လင်းအောင် ထံက သိရသည်။
.
.
“မွန်းလွဲပိုင်းမှာ ရေကျလာပေမဲ့ အကျနှေးနေတယ်။ မိုးမရွာတော့လို့ ညနေ ၇ နာရီကျော်လောက်မှာ ရေကျသွားမယ်လို့ ယူဆပါတယ်။ အခုတော့ အနိမ့်ကားလေးတွေ သွားလာလို့မရသေးသလို ကားကိုယ်ထည်အတွင်း ရေ၀င်ရောက် နိုင်တဲ့ကားတချို့ကတော့ သွားလာလို့ မရသေးပါဘူး။ ကားကြီးတွေကတော့ မွန်းလွဲ ၂နာရီ ခွဲလောက်ကစပြီး သွားလာလို့ ရနေပါပြီ။ စိုးရိမ်ရတာက မိုးထပ်မရွာဖို့ပါပဲ”ဟု ဦးနိုင်လင်းအောင်က အောက်တိုဘာလ ၁၀ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောက်တိုဘာလ ၉ ရက် ညပိုင်းမှ စတင်ကာ ရွာသွန်းသည့်မိုးမှာ မိုးရေချိန် ၁ ဒသမ ၅ လက်မရှိခဲ့ပြီး မိုးသည်းထန်သဖြင့် နမ့်ပန်ချောင်းအတွင်းသို့ တောင်ကျရေများ တစ်ဟုန်တိုး ကျဆင်းမှုကြောင့် မိုင်းပန်မြို့နယ်၊ နောင်ပါမွန်ရွာနှင့်ကန်မောက်လျှံ ကျေးရွာအကြား မိုင်တိုင် ၁၀၉ ကီလိုမီတာနှင့် ၁၁၀ ကီလိုမီတာအကြားတွင် ကားလမ်းပေါ်သို့ ရေထု ၄ ပေခန့် လွှမ်းမိုး ခဲ့သည့်အတွက် ခရီးသွားကားများ ခေတ္တစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
.
ကားလမ်းရေကျော်နေချိန်တွင် လူနာ ၂ ဦးအား  လင်းခေးဘက်ကမ်းသို့ လုပ်ငန်းသုံးယာဉ်ကြီးဖြင့် ဖြတ်သန်းပေးပို့ဆောင် ပေးခဲ့ပြီး ဆေးရုံပို့ဆောင်ပေးနိုင်ရေးအတွက် လမ်းဦးစီးဌာနမှမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဦးနိုင်လင်းအောင်က ဆက်လက် ပြောကြားခဲ့သည်။
.
ရေလွှမ်းမိုးရာနေရာသို့ မွန်းလွဲပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်  လမ်းဦးစီးဌာနတို့မှ လာရောက်စစ်ဆေးခဲ့ပြီး ရေကျော်နေသည့်နေရာများတွင် ရေလမ်းပြအမှတ်အသားများပြုလုပ်ရန်၊ ရေကင်းချ၍ ရေချောင်းအခြေအနေကိုစောင့်ကြည့်ရန် လမ်းညွန်ခဲ့ကြောင်း သိရသည်။
.
လမ်းဦးစီးဌာန အနေဖြင့် နံနက် ၇ နာရီမှ စတင်၍ အဆိုပါရေချောင်းကားလမ်းရေကျော်မှုကြောင့် ဖြစ်ပေါ်နေသည့် အခြေအနေအား လျော့ပါးစေရန်နှင့် ခရီးသွားအများပြည်သူကိုကူညီပေးလျက်ရှိကြောင်း သိရသည်။
.
မိုင်းပန်မြို့သည် တောင်ကြီးမှ မိုင် ၂၀၀ ကျော်ဝေးလံသည့် ရှမ်းပြည်နယ်တောင်ပိုင်း၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်ကာ ၄င်းမြို့မှတဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံ၊ မိုင်းဆတ်မြို့များသို့ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို ဖြတ်ကျော်၍ သွားရောက်နိုင်သည့် အဓိကဆက်သွယ်ရေးလမ်းမကြီးတစ်ခုအပေါ်တွင် တည်ရှိသည့် မြို့ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats