မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၁၂ ခုမှ အစီရင်ခံစာ ထုတ်ပြန်တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၁၂ ခုမှ အစီရင်ခံစာ ထုတ်ပြန်တောင်းဆို



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအမျိုးသားလူ့အခွ့င့်အရေးကော်မရှင် (MNHRC) ၏ လုပ်ပိုင်ခွင့်နှင့် လက်ရှိကော်မရှင်အဖွဲ့ဝင်များ၏ တွေးခေါ်ပုံအလေ့အထများသည် လူ့အခွင့်အရေးကို ထိရောက်စွာအကာအကွယ်ပေးရေးနှင့် မြှင့်တင်ရေးကိစ္စရပ်များ လုပ်ဆောင်နိုင်ရန်အတွက် အဟန့်အတားသဖွယ် ဖြစ်နေပြီး မြန်မာစစ်တပ်ကို အကာအကွယ်ပေးရန်အတွက် ဒိုင်းသဖွယ် အသုံးချခံနေရသည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်း ၁၂ ဖွဲ့မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အား အသစ်ပြန်လည်ဖွဲ့စည်းရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
.
.
အရပ်ဘက်လူထုအဖွဲ့အစည်းများ အစည်းအဝေးကို အောက်တိုဘာလ ၉ ရက်က ရန်ကုန်မြို့၊ Green Hill ဟိုတယ် တွင် ပြုလုပ်ရာ အဆိုပါ အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ အစီရင်ခံစာ ထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
.
“အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ငန်းမှာ ကာကွယ်ခြင်းနဲ့ မြှင့်တင်ခြင်း ၂ ခု ရှိတဲ့အနက် သူတို့က မြှင့်တင်ခြင်းကိုပဲ အဓိကလုပ်နေတာဖြစ်တယ်။ Mind-set မပြောင်ဘူး ဒါကို အဖွဲ့တွေက သူတို့ရဲ့လုပ်ငန်းတိုင်းမှာ သေသေ ချာချာ ဆန်းစစ်ပြီးမှ အစီရင်ခံစာထွက်ရှိတာဖြစ်ပါတယ်။  လုပ်နိုင်စွမ်းအားမရှိတာလား၊ လုပ်ချင်စိတ်မရှိတာလား ဆိုတာကိုပါ ဆန်းစစ်ထားတာဖြစ်လို့ အသစ်ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုထားတာဖြစ်ပါတယ်”ဟု အစီရင်ခံစာတွင် အဓိကပါဝင်သည့် Progressive Voice မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်မင်းက ကမ္ဘောဇတိုင်းသို့ပြောကြားသည်။
.
အလားတူ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့မှ ဒါရိုက်တာ သွင်လင်းအောင်ကလည်း “တစ်ကယ်အရေးပါတဲ့ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး အခုချိန်ထိ MNHRC ကနေ ထိထိရောက်ရောက်  လုပ် ဆောင်နိုင်တာ မရှိသလောက်ပါပဲ။ အခုဆို တစ်နိုင်ငံလုံးအနှံ့ လူ့အခွင့်အရေးပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ သမိုင်းမှာ အင်မတန် အရေးပါတဲ့ ကာလတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် အစိုးရနဲ့ စစ်တပ်ရဲ့လွှမ်မိုးမှု အောက် ကနေ လွတ်ကင်းပြီး သမာသမတ်ကျကျနဲ့ စွမ်းဆောင်ရည်ရှိတဲ့ လူ့အခွင့်အရေးကော်မရှင်တစ်ရပ် အခုချိန်မှာ အရင်ကထက် ပိုပြီး လိုအပ်နေပါတယ်”ဟု ၎င်း၏အမြင်ကို ပြောသည်။
.
အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC)၏ အဓိကအားနည်းချက်မှာ ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ် ခန့်အပ်ရာတွင် ပွင့်လင်းမြင်သာပြီး တစ်စုံတစ်ယောက်၏ အာဏာလွှမိုးမိုးမှ ကင်းလွတ်သည့် ရွေးချယ်ခန့်အပ်မှုမျိုး မလုပ်နိုင်ခြင်းဖြစ်သည်ဟု PV အဖွဲ့၏ သုတေသနညွန်မှူး Alex Moodie ပြောကြားခဲ့သည်။
.
လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများနှင့်ပတ်သက်သည့် အခြေအနေများတွင် လူသိရှင်ကြားပြောဆို ဝေဖန် ခြင်းများအားရှောင်ကျဉ်မှုများရှိနေသည်ကို ကြည့်ခြင်းအားဖြင့် MNHRC သည် စစ်တပ်၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
“လက်ရှိကော်မရှင်အဖွဲ့တွေရဲ့ သက်တမ်းက ၂၀၁၉ မှာ ကုန်မှာဖြစ်တဲ့အတွက် ဒီအချိန်က ကော်မရှင်ကို လူ့အခွင့် အရေးအတွေ့အကြုံ ကြွယ်ဝပြီး သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်တွေနဲ့သွေးသစ်လောင်းဖို့ အချိန်ကောင်း ပဲဖြစ်ပါတယ်”ဟု ဒီမို ကရေစီဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ စည်းရုံးရေးမှူးဖြစ်သူ သဉ္စာရွှန်းလဲ့ရည်က ဆိုသည်။
.
အစီရင်ခံစာကို ရေးသားထုတ်ဝေသည့်အဖွဲ့အစည်းများမှာ ရှေ့ပြေးအသံအဖွဲ့(PV)၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၊(ACDD)၊ မြန်မာ့အရေးလေ့လာသူများအဖွဲ့(BM)၊ အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)၊ မျိုးဆက်လှိုင်း(GW)၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့(GPS)၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့(HRDP)၊ မွန်ပြည်သူ့လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM)၊ ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)၊ လောကအလင်း(Loka Alin)၊ စမိုင်းလ်ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Smile)နှင့် Synergy (Social Harmony Organazation) တို့ဖြစ်ကြကြောင်း သိရသည်
.
လက်ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့်ကာကွယ်ရေးတို့ကို ဆောင်ရွက်ရန်အလို့ငှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၁)အဖြစ် ထုတ်ပြန်ပြဌာန်းခဲ့ပြီး ယင်းဥပဒေနှင့် အညီ အဖွဲ့ဝင် ၁၁ ဦးဖြင့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၂၃/၂၀၁၄)ဖြင့်ဖွဲ့စည်းခဲ့ကာ ဥက္ကဌအဖြစ် ဦးဝင်းမြ ဒုဥက္ကဌအဖြစ် ဦးစစ်မြိုင်၊ အဖွဲ့ဝင်များအဖြစ် ဦးယုလွင်အောင်၊ ဦးညွန်ဆွေ၊ ဒေါက်တာမြင့်ကြည်၊ ဦးခင်မောင်လေး၊ ဦးစိုးဖုန်းမြင့်၊ ဦးစိန်သန်း၊ ဦးညွန့်တင်၊ ဒေါက်တာတင်မေထွန်း တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။
.
ယင်းကဲ့သို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပြန်လည်ဖွဲ့စည်းပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်ထံသို့ ဆက်သွယ်၍ မှတ်ချက်တစ်စုံတစ်ရာပေးရန် မေးမြန်းထားသော်လည်း အောက် တိုဘာလ ၁၃ ရက် အထိ အကြောင်းပြန်ကြားခြင်း မရှိခဲ့ချေ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats