ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊
မိုးရာသီ၌ စိုက်ပျိုးခဲ့သည့် လယ်ယာဥယျာဉ်ခြံထွက် သီးနှံများ ဖြစ်သည့် စပါး၊ မြေပဲ၊
ပြောင်းနှင့် ထောပတ်သီးများ ဈေးကောင်းရသဖြင့် စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေခဲ့ပြီး
သီတင်းကျွတ်အကြို ယာယီဈေးအတွင်း အရောင်းအဝယ် စည်ကားနေသည်ဟု ကျိုင်းတုံ မြို့မဈေးကြီး
အတွင်းရှိ ဈေးရောင်းချသူများထံမှ သိရသည်။
.
.
ယခုနှစ် သီတင်းကျွတ်အကြို ဈေးရောင်းပွဲတော် ကာလအတွင်း ယခင်နှစ်များကဲ့သို့
အလှကုန်၊ အဝတ်အထည်၊ အိမ်သုံးပစ္စည်း၊ သစ်သီးစုံ၊ စားသောက်ကုန်နှင့် သီးတင်းကျွတ်အလှဆင်
လျှပ်စစ်ပစ္စည်း၊ မီးပုံး၊ ဆီမီးခွက်များ၊ ဖယောင်းတိုင်များ ရောင်းအားကောင်းခဲ့သည်ဟု
ကျိုင်းတုံမြို့မဈေးကြီးအတွင်းမှ သိရသည်။
မြို့မဈေးကြီးအတွင်း၌ နေ့ထူးနေ့မြတ်အကြို ကာလအတွင်း ဈေးလယ်ရှိ လမ်းမနေရာများ
ယာယီဈေးရောင်းချခြင်း နှင့်ပတ်သက်၍ ဈေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်သန်းက “တိုင်းရင်းသားရိုးရာဓလေ့
တစ်ခုလို ဈေးထဲမှာ ကြိတ်ကြိတ်တိုး ဈေးဝယ်ရတာကိုပဲ ကျေနပ်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။
ရောင်းချတဲ့ ဈေးနှုန်းကတော့ ပုံမှန် ဈေးပဲဖြစ်တာများပါတယ်။ ဈေးကော်မတီအနေနဲ့ စည်းကမ်းတကျဖြစ်ဖို့
ကြီးကြပ်ပေးရတာပဲရှိပါတယ်”ဟု ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်ရှိ တောင်သူတစ်ဦးမှ “အရင်နှစ် ဒီအချိန်က စပါးဆိုရင်
၄၀ ကီလို ၁ အိတ်ကို ၁၃၀၀၀ ကျပ်လောက်ပဲ ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၁၆၀၀၀ ဈေး ရပါတယ်။
ပြောင်းဖူးက ပြီးခဲ့တဲ့နှစ်မှာ သံပုံး တစ်ပုံးကို ၃၅၀၀ လောက်ပဲ ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့
၅၀၀၀ ဈေး ရလို့ အဆင်ပြေပါတယ်”ဟု ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့မဈေးကြီးအတွင်းရှိ အလယ်လမ်းမ ၄ ဘက်တွင် ဈေးရောင်းချမှုကို
နှစ်စဉ် သီတင်းကျွတ်အကြိုကာလမှ စတင်၍ သီတင်းကျွတ်အဖိတ်နေ့အထိ ရက်သတ္တတစ်ပတ် ခွင့်ပြုပေးထားပြီး
တန်ဆောင်တိုင်ပွဲတော်၊ ခရစ္စမတ်ပွဲတော်၊ တရုတ်နှစ်သစ်ကူးပွဲတော်နှင့် သင်္ကြန်ပွဲတော်ကာလမျာတွင်လည်း
အလားတူ ရောင်းချခွင့် ပြုပေးထားကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်သည်လုပ်ငန်းများ၊
တိုင်းရင်းသားရိုးရာ အိမ်တွင်းမှု လုပ်ငန်းများနှင့် အဝတ်အထည်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊
သစ်သီးဖျော်ရည်နှင့် ဝိုင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၏
ထင်ရှားသောမြို့တော်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan