ထက်တိုင်းကျော်၊ မိုင်းမော
(တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအရှေ့ပိုင်း၊ တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့
သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး နောက် မလေးရှားနိုင်ငံအတွင်းသို့ ဆက်လက်သွားရောက်ခဲ့သော
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၁၀ ဦးသည်
မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရပြီး ရန်ကုန်မြို့မှတဆင့် တာချီလိတ်မြို့သို့ အောက်တိုဘာလ
၂၄ ရက်တွင် လွှဲပြောင်း ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ၁၀ ဦးမှာ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့မှ ၂ ဦး၊ မိုင်းခတ်မြို့မှ ၁ ဦး၊ မိုင်းယောင်းမြို့မှ
၂ ဦး၊ တာချီလိတ်မြို့မှ ၁ ဦးနှင့် ကျိုင်းလပ်မြို့မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
''ဒီမိန်းကလေးတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး အဲဒီကနေတဆင့်
မလေးရှားနိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ ဝင်ရောက်တဲ့အချိန်မှာ ထိန်းသိမ်းခံခဲ့ရတာပါ။ သူတို့ကို မလေးရှားနိုင်ငံ ကောင်းသောသိုးထိန်းခရစ်ယာန်
သီလရှင်ကျောင်းရဲ့ ကူညီမှုနဲ့ CI လျှောက်ပြီး ရန်ကုန်လေဆိပ်ကို ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။
ရန်ကုန် လေဆိပ်ကနေ တာချီလိတ်လေဆိပ်ရောက်တော့ အဆင့်ဆင့် သတင်းပို့ထားလို့ သူတို့ကို
လာရောက်ကြိုဆိုပြီး လူကုန်ကူးမှု အသိပညာပေး ဆွေးနွေးပြေားပေးတာပါ'' ဟု တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး
ရဲမှူး ရင်ရင်အေးက ပြောသည်။
.
ယင်းအမျိုးသမီး ၁၀ ဦးသည် မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ အောက်တိုဘာလ
၂၀ ရက်က ပြန်လည်လွှဲပြောင်း ရောက်ရှိလာခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်တွင် မန်းရတနာပုံလေကြောင်းလိုင်း
ခရီးစဉ်ဖြင့် တာချီ လိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု တာချီလိတ်မြို့ရှိ
လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်ဖွဲ့ စိတ် (၁)မှ သိရသည်။
.
“သူတို့ကို လေဆိပ်မှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်ကြိုဆိုခဲ့ကြပြီး
လူကုန်ကူးမှု တားဆီး ကာကွယ်ရေးတပ်ဖွဲ့စိတ် (၁) က ရဲမှူး ဒေါ်ရင်ရင်အေးကနေ လူကုန်ကူးမှု
တားဆီးကာကွယ်ရေးနဲ့ တရားဝင် ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်နိုင်ဖို့ အသိပညာပေးဟောပြောခဲ့ပါတယ်”ဟု
တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသည် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်နယ်နိမိတ်ချင်း
ထိစပ်နေပြီး အဆိုပါနိုင်ငံများအတွင်း စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊
ကုန်ထုတ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဖျော်ဖြေရေးနှင့် အိမ်ဖော်လုပ်ငန်းများတွင်
အလုပ်အကိုင်ရရှိရန် မျှော်လင့်ချက်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှ
အမျိုးသမီး၊ အမျိုးသားအချို့ နေရပ်စွန့်ခွာ၍ သွားရောက်အလုပ်လုပ်ကိုင်မှုများ ရှိနေသည်ဟု
သိရသည်။
.
.
.
#KBZTai #Shan