လေးနားညီ ဒီမိုကရေစီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လေးနားညီ ဒီမိုကရေစီ

ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်က Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေအောင်တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးမှ တာမွေမြို့နယ်တရားရုံးတွင် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခဲ့ပါသည်။
.
ယင်းနေ့၌ပင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အသံ အဖွဲ့မှ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ ယခု တရားစွဲဆိုခံရသော အယ်ဒီတာ ၃ ဦး အပါအဝင် ယခုအစိုးရလက်ထက်တွင် တရားစွဲဆိုခံရသော သတင်းသမား ၄၄ ဦးအထိ ရှိလာနေပြီး တရားစွဲဆိုခဲ့သော အမှုပေါင်း ၂၈ မှုအထိ ရှိလာနေပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ ပါသည်။
.
ယခင်အစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက် ၅ နှစ်သက်တမ်းတွင် တရားစွဲဆိုခံရသော သတင်းထောက် ၄၇ ဦး ရှိခဲ့ပြီ ယခု ဒီချုပ်အစိုးရသက်တမ်း ၂ နှစ်ခွဲအတွင်းမှာပင် ၄၄ ဦးအထိ ရှိလာနေရာ အပြောင်းအလဲဟု ကြွေးကြော် နေသော ဒီမိုကရေစီအစိုးရတစ်ရပ်အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်လာနေပါသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကပင် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး ၁ လအကြာတွင်ပင် ယခုကဲ့သို့ သတင်း သမား ၃ ဦး ထပ်မံတရားစွဲဆိုခံရခြင်းလည်း ဖြစ်ပါသည်။
.
ယင်းကဲ့သို့ တရားစွဲဆိုခဲ့သော အမှုများတွင် အစိုးရဝန်ထမ်းများက စွဲဆိုသောအမှု ၁၇ မှု၊ ၃ မှုနှင့် အခြား သူများက စွဲဆိုထားသော အမှု ၈ မှု ပါဝင်ပြီး ဆက်သွယ်ရေးဥပဒေ၊ မတရားအသင်းဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀ နှင့် ၅၀၅ (ခ)၊ သတင်းမီဒီယာဥပဒေ၊ နိုင်ငံသား၏ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ၊ လေကြောင်းပျံသန်းမှုဥပဒေ၊ ပို့ကုန်/ သွင်းကုန်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည်ကို တွေ့ရမည်ဖြစ်သည်။
.
ဩဂုတ်လအတွင်းက ဒေသခံပြည်သူများတွေ့ဆုံစကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို အမှန်တကယ် ချစ်ခင်လေးစားလျှင် မမှန်မကန် လုပ်ဆောင်နေမှုများကို ထောက်ပြသင့်ကြောင်း ပြောဆိုခဲ့ပါသည်။
.
သို့သော် ယခုကဲ့သို့ အစိုးရကို ဝေဖန်ထောက်ပြသည့် သတင်းဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်၍ ယခုကဲ့သို့ သတင်းသမားများအား နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားမှုနှင့် ဆန့်ကျင်ဘက်သဖွယ် ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
.
ထို့အပြင် မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ နစ်နာသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်သည် သတင်းသမားများက ပုဒ်မ ၉ တွင် ပြဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်သည်ဟု ယူဆလျှင် ရှေးဦးစွာ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ပြဌာန်းထားသည်။
.
ယခုဖြစ်စဉ်တွင်မူ ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းထားသော သတင်းမီဒီယာဥပဒေကို အသုံးမပြုဘဲ ပုဒ်မ ၅၀၅ (ခ) ဖြင့်  တရားစွဲဆိုခဲ့ခြင်းမှာ ဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်ဆောင်နေသည့် အချိန်တွင် အစိုးရတစ်ရပ်အတွက် ဂုဏ်သိက္ခာကျဆင်းစေနိုင်ပါသည်။
.
အပြောင်းအလဲကို လိုလားတောင့်တခဲ့ကြသည့် မြန်မာပြည်သူတစ်ရပ်လုံး၏ မင်စွန်းသော လက်သန်း များဖြင့် ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရလက်ထက်တွင် ယခုကဲ့သို့ ပြည်၏ နားမျက်စိဖြစ်သော သတင်းမီဒီယာသမားများအား ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆို ထောင်ချနေမှုများမှာ နိုင်ငံအတွက်လည်း ပုံရိပ် မကောင်းသလို အစိုးရအဖွဲ့အတွက်လည်း ပြည်သူတို့၏ ယုံကြည်ကိုးစားမှု ကျဆင်းစေမည်သာဖြစ်ပါသည်။
.
ဒီမိုကရေစီစနစ်မှန်လျှင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူသော မဏ္ဍိုင် ၃ ရပ်နှင့်အတူ စတုတ္ထ မဏ္ဍိုင်အဖြစ် သတင်းမီဒီယာမဏ္ဍိုင်လည်း တောင့်တင်းခိုင်မာ အားကောင်းကာ လွတ်လပ်ခွင့် ရှိရန် လိုအပ်ပါသည်။ ယခုကဲ့သို့ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာသမား အများအပြား တရားစွဲဆိုထောင်ချခံနေရခြင်းများ၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းရေးသားဖြန့်ဝေခွင့် မရှိသေးသော အခြေအနေတွင် ဒီမိုကရေစီသည်လည်း ခိုင်မာအား ကောင်းသော ဒီမိုကရေစီစနစ်တစ်ခုဟု မဆိုနိုင်သေးပါ။ ဒီမိုကရေစီစနစ် ရှင်သန်အားကောင်းရေးအတွက် မဏ္ဍိုင်ကြီး ၄ ရပ်လုံး ခိုင်မာတောင့်တင်းရန် လိုအပ်မည်သာ ဖြစ်ပါတော့သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats