မေသူဇော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း TNLA နှင့်
SSPP/SSA လက်နက်ကိုင် ပူးပေါင်းအဖွဲ့နှင့် RCSS/SSA အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ
ဖြစ်ပွားနေမှုကြောင့် မိုင်းရင်ကျေးရွာအုပ်စုရှိ ရှမ်းရွာ ၆ ရွာမှ လူဦးရေ ၅၀၀ ခန့်သည်
နမ္မတူမြို့နယ်၊ မြင်သာဘုန်းတော်ကြီးကျောင်းသို့ လာရောက်၍ တိုက်ပွဲရှောင်လျက်ရှိကြောင်း
သိရသည်။
.
.
“လပြည့်နေ့ မနက်ပိုင်းကတည်းက စရောက်လာကြတယ်။ တစ်ဖွဲ့ချင်း ရောက်လာကြတယ်။
ဒီနေ့လည်း ထပ်ရောက် လာကြမယ်လို့ အကြောင်းကြားတယ်”
ဟု နမ္မတူမြို့မှတိုက်ပွဲရှောင်များအား ကူညီစောင့် ရှောက်ပေးနေသည့် အဖွဲ့မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၂၄ ရက်၊ နံနက် ၃ နာရီခန့်တွင် နှစ်ဘက် တိုက်ခိုက်သံများ
ကြားရသဖြင့် နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စုအတွင်းရှိ မိုင်းရင်၊ နောင်ကွမ်း၊
ကောင်းဆန့်၊ မမ်တီး၊ကျဲ၊ ကျေး၊ကောင်းကျဲ ရှမ်းရွာ ၆ ရွာမှ လူဦးရေ စုစုပေါင်း ၄၅၆ ဦးမှာနမ္မတူမြို့သို့ တိုက်ပွဲရှောင် လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။
.
နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် TNLA လက်နက်ကိုင်အဖွဲ့များထိ
တွေ့တိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်မှုများရှိကြောင်း
သိရသည်။
.
TNLA ပလောင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့သည် KIA၊ AA၊ MNDAA လက်နက်ကိုင်
အဖွဲ့များ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖြစ်ပြီး SSPP/SSA အဖွဲ့နှင့် ပူးပေါင်းကာ
RCSS/SSA ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း
သိရသည်။
.
နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စုအတွင်းရှိ ရှမ်းတိုင်းရင်းသားများ
နေထိုင်ရာ ကျေးရွာများမှာ တိုက်ပွဲများအကြား ပိတ်မိနေမည်ကို စိုးရိမ်သည့်အတွက် ကြိုတင်တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan