မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ
အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည့်တို့ပါဝင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည်
ကျိုင်းတုံနှင့် တာချီလိတ်မြို့များရှိ အကျဉ်းထောင်၊ အချုပ်ခန်း၊ ရဲစခန်း၊ တရားရုံး၊
ဆေးရုံ အချုပ်ခန်းများကို ပြီးခဲ့သည့် စက်တင်ဘာလက ကော်မရှင်ဥပဒေနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး
စစ်ဆေးချက် အစီရင်ခံစာကို အောက်တိုဘာလ ၉ ရက်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆောင်ရွက်ချက်
အမှတ်စဉ် (၃၁/ကာကွယ်/၂၀၁၈) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
.
.
ယင်းဆောင်ရွက်ချက်ထုတ်ပြန်စာတွင်
ကျိုင်းတုံအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ တီဘီ ရောဂါသည်များကိုယခုအခါ
သီးခြားအဆောင်ဖြင့်ထားရှိသော်လည်း ယခင်က အခြားအကျဉ်းသားများနှင့်အတူ ထားရှိ ခဲ့သဖြင့်
ကူးစက်ခဲ့ခြင်းရှိ/မရှိ စစ်ဆေးလိုကြောင်းတင်ပြချက်အရ တီဘီဆရာဝန်ကြီးများ ဖိတ်ခေါ်ကာ
စစ်ဆေးကုသပေး သင့်ကြောင်း၊ ART ဆေး မရရှိသေးသည့် HIV ရောဂါသည် အကျဉ်းသား ၃ ဦးနှင့်
အကျဉ်းသူ ၁ ဦးကို ဆေးများ အမြန် ရရှိရေး ဆောင်ရွက်ပေးသင့်ကြောင်း၊ အကျဉ်းသူများနှင့်အတူ
ပါရှိလာသည့် ကလေးငယ် ၃ ဦးကို ဖြည့်စွက်အစာများ ကျွေးမွေးသင့်ကြောင်း၊ အကျဉ်းထောင်စာကြည့်တိုက်တွင်
ဗဟုသုတရစေမည့် စာအုပ်စာပေများ ထပ်မံဖြည့်ဆည်း ပေးသင့်ကြောင်း၊ တာချီလိတ်ရဲအချုပ် ထောင်ရှိ
အခန်းအချို့၌ မိလ္လာခန်းများ သန့်ရှင်းမှု အားနည်းပြီး ရေ၀ပ်နေသဖြင့် ရေရှည်တွင် ခြင်များခိုအောင်နိုင်ပြီး
ဝမ်းရောဂါများ ဖြစ်ပွားနိုင်သဖြင့် သန့်ရှင်းရေးဆောင်ရွက်သင့်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်
ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးအဖွဲ့ဝင် ဦးယုလွင်အောင်က “လမ်းညွှန် အကြံပြုချက်တွေကို
တစ်လအတွင်းလောက်မှာ ဘယ်လိုဆောင်ရွက်ပါတယ်ဆိုပြီး အကြောင်းပြန်ကြတယ်။ လုပ်/မလုပ် ဆိုတာတော့
သူတို့ပို့တဲ့ မှတ်တမ်းနဲ့ ပြန်စိစစ်ပါတယ်”ဟု ကမ္ဘောဇတိုင်း၏ ဆက်သွယ်မေးမြန်းချက်ကို
ပြန်လည်ဖြေကြား ခဲ့သည်။
.
မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင် အောင်နှင့် ဒေါက်တာ မြင့်ကြည်တို့ပါဝင်သည့်
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ကျိုင်းတုံအကျဉ်းထောင်၊
တာချီလိတ်အချုပ်ထောင်၊ ရဲစခန်း၊ တရားရုံးနှင့်ဆေးရုံအချုပ်ခန်းများအား ကော်မရှင် ဥပဒေနှင့်အညီ
ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ တွေ့ဆုံရာတွင်
အကျဉ်းထောင်၊ အချုပ်ထောင်များရှိ အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများ ရရှ်ခြင်း
ရှိ/မရှိ၊ နေရာထိုင်ခင်းသက်သာချောင်ချိမှု ရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းရရှိမှုနှင့်
စားသောက်ရမှု အခြေအနေ များကို မေးမြန်းကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်
တွေ့ဆုံကာ လူ့အခွင့်အရေး ဆိုင်ရာ သတိထားရမည့်အချက်များ၊ ဝန်ထမ်းများ၏ အခက်အခဲများကို
မေးမြန်းခဲ့ပြီး ဆောင်ရွက်မှု အစီရင်ခံစာကို ထုတ်ပြန် ရခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan