ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ (၄)၊ နမ့်ပန်းတွင် စစ်ဆေးပြီး
ပြန်လည်စေလွှတ်ခြင်း ခံရ သည့် ရခိုင်တိုင်းရင်းသား ၁၆ ဦးတို့သည် စက်တင်ဘာလ ၁၀ ရက်က
ကျိုင်းတုံမြို့သို့ အဆင့်ဆင့် လွှဲပြောင်း ရောက်ရှိလာခဲ့ပြီး ၎င်းတို့အား ညအိပ်တည်းခိုရေး၊
စားသောက်ရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် ကူညီထောက်ပံ့ ဆောင်ရွက်ပေးခဲ့ပြီး ယင်းကဲ့သို့
ရခိုင်တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားများ အရေးသည် ရှမ်းပြည်နယ်အရှေ့ ပိုင်းဒေသ
တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များအတွက် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာနေသည်ဟု ကျိုင်းတုံ
ခရိုင် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
.
.
အဆိုပါ ကျိုင်းတုံမြို့သို့ လွှဲပြောင်းရောက်ရှိလာသည့် ရခိုင်တိုင်းရင်းသား
၁၆ ဦးမှာ နိုဝင်ဘာလ ၇ ရက်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ကျိုင်းတုံမြို့သို့
လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မော် တော်ယာဉ်များဖြင့် မိုင်းဖြတ်၊
မိုင်းယောင်း၊ မိုင်းယုသို့ သွားရောက်ကာ ထိုမှတဆင့် တရုတ်နိုင်ငံ၊ ကျင်းဟိုင်းမြို့ရှိ
ငှက်ပျောခြံလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်စဉ် မိုင်းလားအထူးဒေသ (၄)
နမ့်ပန်းစစ်ဆေးရေး ဂိတ်၌ တားဆီးခံရပြီး ကျိုင်းတုံမြို့သို့ ပြန်လည်စေလွှတ်ခံရသူများဖြစ်သည်ဟု
ကျိုင်းတုံမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ထံမှ သိရသည်။
ထိုသို့ ကျိုင်းတုံမြို့သို့ ပြန်လည်စေလွှတ်ခံရသည့် ရခိုင်တိုင်းရင်းသား
၁၆ ဦးတွင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ပြီး ၎င်းတို့အနက် နိုင်ငံသားစိစစ်ရေးကတ်ပြား
ကိုင်ဆောင်ထားသူ ၅ ဦးသာ ပါရှိကာ ကျန်သူ များ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အမည်၊
နေရပ်မသိ ယာဉ်မောင်း၏ သိမ်းဆည်းခြင်းကို ခံထားရသည်ဟု လွှဲပြောင်းရောက်ရှိလာသည့် ရခိုင်တိုင်းရင်းသားများထံမှ
သိရသည်။
.
အဆိုပါ ရခိုင်တိုင်းရင်းသားများမှာ မိုင်းယောင်းမြို့မှ မော်တော်ယာဉ်ဖြင့်
လွှဲပြောင်းပေးလိုက်သဖြင့် အောက်တိုဘာ လ ၁၀ ရက်၊ ညနေပိုင်းက ကျိုင်းတုံမြို့သို့ ရောက်ရှိလာခဲ့ပြီး
ယင်းတစ်ညတာအတွက် တည်းခို နေထိုင်ရေးနှင့် ညစာကို ဖြည့်ဆည်းစီစဉ် ဆောင်ရွက်ပေးခဲ့ပြီး
အောက်တိုဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် ကျိုင်းတုံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊
အစည်းအဝေးခန်းမ၌ ထောက်ပံ့ပစ္စည်းများနှင့်အတူ စစ်တွေအထိ နေရပ်ပြန်နိုင်ရေးအတွက် ခရီးစရိတ်နှင့်
စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
“ကျိုင်းတုံကို ရောက်လာပြီး ကားနဲ့ ဆက်ထွက်သွားတယ်ဆိုတာ မြို့အထွက်မှာရှိနေတဲ့
နောင်နွမ်းပူးပေါင်း စစ်ဆေးရေးဂိတ် တာဝန်ကျ ဌာနဆ်ုင်ရာတွေက စစ်ဆေးကြပ်မတ်မှုမရှိလို့
အခုလို ထွက်သွားနိုင်တာဖြစ်ပါတယ်။ ဂိတ်တွေမှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာတွေက တာဝန်သိသိနဲ့
စစ်ဆေးကြပ်မတ်မယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေ အကျိုးအကြောင်း၊ အထောက်အထား ခိုင်လုံမှုမရှိဘဲနဲ့
အထူးဒေသထဲအထိ ရောက်သွားစရာမရှိပါဘူး”ဟု ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
.
အထူးဒေသ (၄) နယ်မြေမှ ပြန်လည်စေလွှတ်ခံရသည့် ရခိုင်တိုင်းရင်းသားများသည်
ယခုကဲ့သို့ အလုပ် အကိုင် သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် ၎င်းတို့ နေရပ်တွင် အိမ်မွေးတိရစ္ဆာန်
ကျွဲ၊ နွားများ ရောင်းချခြင်း၊ ငွေတိုး ချေးယူခြင်းတို့ဖြင့် အလုပ်အကိုင် ရရှိရေးအတွက်
မျှော်လင့်ချက်ဖြင့် နေရပ်စွန့်ခွာလာသူများဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရခိုင်တိုင်းရင်းသားများအား နေရပ်ပြန်နိုင်ရေးအတွက် ကျိုင်းတုံခရိုင်
ဘေးအန္တရယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနရုံးမှ တစ်ဦးလျှင် ငွေကျပ် ၆၆၀၀၀ ကျပ်နှင့်
ခြုံစောင်၊ ရှပ်အင်္ကျီ၊ မျက်နှာသုတ်ပုဝါ၊ ကျားဝတ်ပုဆိုး၊ မဝတ်လုံချည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရသည်။
.
အလုပ်အကိုင် ရရှိရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ ရောက်ရှိလာခဲ့ပြီး
အထူးဒေသ (၄) နယ်မြေများအတွင်း စစ်ဆေးခံရပြီး ပြန်လည်စေလွှတ်ခံရသော ရခိုင်တိုင်းရင်းသားများ
နေရပ်ပြန်နိုင်ရေးအတွက် ကူညီထောက်ပံ့ရေးကိစ္စရပ်များကို ကျိုင်းတုံမြို့တွင် ၂၀၁၅ ခုနှစ်မှ
စတင်၍ ကြုံတွေ့လာခဲ့ရခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်ကလည်း ရခိုင်တိုင်းရင်းသား
၁၂ ဦးအတွက် စီစဉ်ကူညီထောက်ပံ့ပေးခဲ့ရကြောင်း သိရသည်။
.
.
.
#KBZTai #Shan