မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမည်မသိ အရပ်သားများက
ပြန်ပေးဆွဲသည့်ဟုဆိုသော မလေးရှား နိုင်ငံသား တစ်ဦးကို ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်၌
အောက်တိုဘာ ၅ ရက်ည ၉ နာရီ ၄၅ မိနစ်ခန့်က တွေ့ရှိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ
သိရသည်။
.
.
အောက်တိုဘာ ၅ ရက်နေ့လည် ၂ နာရီ ၂ဝ မိနစ်တွင် မလေးရှားနိုင်ငံသူ
တစ်ဦးမှ ၄င်း၏ခင်ပွန်းဖြစ်သူ မလေးရှားနိုင်ငံသား Mr.Krishna Kumar Selvathurai သည်
တာချီလိတ်မြို့တွင် ပြန်ပေးဆွဲခံနေရကြောင်း အကူအညီတောင်းခံလာမှုအပေါ် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးသန်းနု၊ စခန်းမှူး ဒုရဲမှူးမျိုးခိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်နှင့်
ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းရှိ
ဖီးနစ်ဟိုတယ်တွင်လည်းကောင်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ Valentine Motel တွင်လည်းကောင်း
ဝင်ရောက်ကြည့်ရှု့ခဲ့ရာ ၄င်းခင်ပွန်းဖြစ်သူအား မတွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဉ်အမှန် သိရှိနိုင်ရေးအတွက်
မလေးရှားနိုင်ငံသူအား ပူးပေါင်း အဖွဲ့ဖြင့် စစ်မေးခဲ့ရာ လွန်ခဲ့သော ၂ လခန့်မှ တာချီလိတ်သို့
၎င်းနှင့်အတူ စတင်ရောက်ရှိခဲ့ကြောင်း၊ တစ်လလျှင် တစ်ခေါက် မလေးရှားသို့ ပြန်လာကြောင်း၊
စက်တင်ဘာ ၂၉ ရက်နေ့တွင် ခင်ပွန်းဖြစ်သူနှင့်အတူ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ထိုင်းနိုင်ငံ၊
ဘန်ကောက်-ချင်းရိုင်းသို့ လေယာဉ်ဖြင့် လည်းကောင်း၊ ချင်းရိုင်းမှ မယ်ဆိုင်သို့လည်းကောင်း၊
မယ်ဆိုင်မှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ (EP)ဖြင့်
ဝင်ရောက်ခဲ့ကာ ဖီးနစ်ဟိုတယ်တွင် တည်းခိုခဲ့ကြောင်း၊ အောက်တိုဘာ ၂ ရက်တွင် မလေးရှားနိုင်ငံသူ
Ms. Kalaivani dio Ramasamy သည် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့ကြောင်း၊ မလေးရှားစံတော်ချိန်ည
၇ နာရီတွင် ခင်ပွန်း ဖြစ်သူသည် IMO ဖုန်းဆော့ဝဲလ်ဖြင့် ၄င်းအား တာချီလိတ်တွင် အမည်မသိ
အရပ်သားများမှ ဖမ်းဆီးခံထားရကြောင်း၊ မလေးငွေရင်းဂစ် တစ်သိန်းပေး ပြန်လွှတ်ပေးမည်ဖြစ်
ကြောင်းပြော၍ ၄င်းမှ အောက်တိုဘာ ၃ ရက်နေ့တွင် ရင်းဂစ်ငွေ ၇၅ဝဝဝ အား တစ်ကြိမ်၊ အောက်တိုဘာ
၅ ရက်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ၍ ထိုင်းနိုင်ငံ၊ Kasicom Bank သို့ လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာ ၅ ရက်ည ၉ နာရီခွဲတွင် မလေးရှားနိုင်ငံသူ Ms.
Kalaivani dio Ramasamy သည် တာချီလိတ် ရဲစခန်းတွင် ရှိနေစဉ် ခင်ပွန်းဖြစ်သူမှ ဖုန်းဖြင့်
ဆက်သွယ်လာပြီး ၄င်းအား လာခေါ်ရန်ပြော၍ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရာ တာချီလိတ်မြို့၊
ဝိန်းကျောက် ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် တွေ့ရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းသို့
ရောက်ရှိခဲ့ပြီး မူးဝေနေကြောင်းပြောပြသဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဆေးစာဖြင့်
ပို့အပ်ထားရှိ ခဲ့ပြီး ဆေးရုံတက်ရောက်ဆေးကုသခံယူရန်မလို အပ်သဖြင့် ဝမ်ကောင်းရပ်ရှိ
ဧရာဝဏ်ဟိုတယ်တွင် တည်းခိုခဲ့ကြကြောင်း သိရသည်။
.
''မလေးရှားနိုင်ငံ၊ အင်တာပိုလ်ရဲအဖွဲ့(NCB Kualalunpur)က အကူအညီ
တောင်းခံထားတာလည်းရှိတယ်။ မလေးရှားနိုင်ငံသူကိုယ်တိုင်းလည်း တာချီလိတ်ရောက် လာပြီး
ပြန်ပေးဆွဲခံနေရကြောင်း အကြောင်းကြား လာတဲ့ဖြစ်စဉ်ပါ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံသားကို
ဆက်လက်မေးမြန်းဖို့ ရှိပါတယ်''ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
သို့ဖြစ်၍ အမည်မသိ အရပ်သားများက ပြန်ပေးဆွဲသည့်ဟုဆိုသော မလေးရှားနိုင်ငံသား
Mr.Krishna Kumar Selvathurai အား တာချီလိတ်မြို့မရဲစခန်းတွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan