ကြော်ငြာဟု မမှတ်ယူစေလိုပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြော်ငြာဟု မမှတ်ယူစေလိုပါ



မြေခဲတောင်မောင်မောင်ဝင်း
.
၁၉၈၆ ခုနှစ်ကတည်းက စာစတင်ရေးသား ဖြစ်ခဲ့သော ကျွန်တော့်ကလောင်၏ သက်တမ်း သည် ဘာလိုလိုဖြင့် နှစ်ပေါင်း ၃ဝ ကျော်လာခဲ့ ပြီဖြစ်သည်။ မဂ္ဂဇင်းတချို့၌သာ ထုံ့ပိုင်း-ထုံ့ ပိုင်းဖြင့် လကျော်မှတစ်ခါ၊ နှစ်ကျော်မှတစ်ခါ စသည်ဖြင့် ပုံနှိပ်ဖော်ပြခွင့်ရသော ကျွန်တော်၏ ကလောင်အမည်လေးသည် စင်စစ်သော် စာ ဖတ်သူတို့ ဖတ်မိ၊ မှတ်မိသူ နည်းနေမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါ၏။ 
.
.
ပြင်ပက မဆိုထားနှင့် ဌာနတွင်းကဝန်ထမ်း တချို့ပင် ကျွန်တော်စာရေးနေသည်ကို သိပ်မ သိကြပေ။ တာဝန်ပေးမှုအရ စာကြည့်တိုက်၌ အလုပ်လုပ်နေသော စာပေဝါသနာရှင်ဟူ၍သာ သိနေကြခြင်းဖြစ်သည်။
.
ကျွန်တော်ကလည်း ကျွန်တော့်စာမူပါသည့် မဂ္ဂဇင်းကို ''ဒါ ကျွန်တော့်စာမူဖတ်ကြည့်၊ ဒါငါ့ စာမူလေကွာ၊ ရော့ဖတ်ကြည့်။ လက်ဖက်ရည် တိုက်မယ်''ဆိုတာမျိုးတွေ ဘယ်တုန်းကမျှ မ လုပ်ခဲ့ဘူးပေ။
.
တစ်ခုတော့ရှိသည်။ ''ကိုခင်ဝင်း-ခင်ဗျား စာမူပါတဲ့ မဂ္ဂဇင်းရောက်ပြီလား၊ ဖတ်ကြည့်ချင် လို့ ငှားပါ''ဆိုလျှင်တော့ ဝမ်းသာစွာဖြင့်ပေးငှား တတ်ပါ၏။
.
အလုပ်ဝင်စကတည်းက ရှိနေခဲ့သော စာ ကြည့်တိုက်ကို နောက်ပိုင်းတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း ထိုမှစာပေဝါသနာရှင် ဌာနခွဲမှူး ၏ ''အချိန်ပြည့်လုပ်ပေးပါ''ဟူသော တာဝန် ပေးမှုအရလည်းကောင်း၊ ကျွန်တော်သည် သက်ပြည့်ဖြင့်အငြိမ်းစားယူသည်ထိ စာကြည့် တိုက်မှာပင် ဌာနတာဝန်ကို စာပေဖြင့် ကျေပြွန် စွာထမ်းဆောင်ခဲ့ရသည်။
.
သို့ရာတွင် မိခင်ရင်း ယာဉ်ပြင်ဆင်ရေးလုပ် ငန်းတာဝန်များပျက်ကွက်ခဲ့ရကား လစာတူရာထူး ၃ ဆင့်မှတစ်ဆင့် အင်မတန်ရယူလိုသော လစာတိုးရာထူးကိုမူ အငြိမ်းစားယူသည်ထိ နားမလည်စွာဖြင့် ကျွန်တော်ရရှိခံစားနိုင်ခြင်း မရှိခဲ့ရပါပေ။
.
သို့ရာတွင် ရနိုင်ခဲလှစွာသော ဘဝ၏ စာပေမှတ်တိုင်များအဖြစ်ဖြင့် ၁၉၉၈ ခုနှစ်တွင် ငွေတာရီဝတ္ထုတိုပြိုင်ပွဲ၌ ''ဒုတိယဆု''နှင့် ၂ဝဝ၂ ခုနှစ်တွင် အမျိုးသားရေးဆောင်ပုဒ်၊ စာပေနှင့်ဓာတ်ပုံပြိုင်ပွဲ၌ ဝတ္ထုတို ''ပထမဆု'' စသည်တို့ကိုကား ဂုဏ်ယူကျေနပ်မဆုံးစွာဖြင့် ကျွန်တော်ရယူနိုင်ခဲ့ပါ၏။
.
တစ်လောက အားကစားဂျာနယ် ၂ စောင် ကို တစ်စိုက်မတ်မတ်ဖတ်ခဲ့သော သူဖတ်ပြီးပါ ကလည်း ''ရော့ ကိုခင်ဝင်း ဒါတွေစာကြည့် တိုက်မှထား''ဆိုပြီး အမြဲတမ်းပေးတတ်ခဲ့သော နောင်တော်ဝန်ထမ်းဟောင်းတစ်ယောက်ဖြင့် တောင်ကြီးရောက်ခိုက် ဘဏ်တစ်ခုရှေ့မှာအ မှတ်မထင်တွေ့ဖြစ်ပါလေ၏။
.
စင်စစ်သော် ကျွန်တော်နှင့် အသက် ၃ နှစ်မျှကွာသော သူသည် ကျန်းမာရေးကိုအ ကြောင်းပြပြီး လုပ်သက်ဖြင့်အငြိမ်းစားယူသွား သူဖြစ်သည်။ ကျွန်တော်ကသူ့ကို အစ်ကိုကြီး ဟု ခေါ်ခဲ့သူဖြစ်သည်။
.
''ဟာ ဟေ့ ကိုခင်ဝင်း ကြည့်စမ်း၊ မတွေ့ တာကြာပြီနော်။ ပင်စင်ထုတ်တော့လည်း မ တွေ့ဖြစ်ဘူး။ အေးလေကျွန်တော်ကလည်း ပင်စင်ကို ၃ လမှ တစ်ခါထုတ်တာကိုး။ ကဲတွေ့ တုန်းလက်ဖက်ရည်သောက်ရင်း စကားပြောကြ ရအောင်လေဗျာ။ ခင်ဗျား အချိန်ရတယ်မဟုတ် လား။ ခင်ဗျားအမျိုးသမီးရောပါသေးလား၊ ခင် ဗျားတို့ မိသားစု ဘယ်မှာနေကြတာလဲ''
.
''အမျိုးသမီး မပါဘူး အစ်ကိုကြီး။ ကျွန် တော်တို့ မိသားစု အေးသာယာမှာနေကြတယ်။ သမီးကတော့ ခု ရွှေညောင်ကျောင်းကိုရောက် နေပြီ''
.
''ကောင်းတယ်ဗျာ။ မိသားစု စုစုစည်းစည်း နေရတော့ ပိုကောင်းတာပေါ့။ လာ ကိုခင်ဝင်း  ကားပေါ်တက်။ ဒါ စင်ကာပူရောက်နေတဲ့ သား က ဝယ်ပေးထားတာ။ ကျွန်တော့်ဘာသာ ဝယ် စီးနိုင်တာ မဟုတ်ဘူးနော်''
.
''ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ အစ်ကိုကြီးရ၊ကား က ကားပါပဲ။ စီးရဖို့က အဓိကပါ''
.
သို့ဖြင့် သူသည် ကားကိုကျင်လည်စွာမောင်း လျက် မြို့ပြင်ဘက် မြို့ပတ်လမ်းကိုဦးတည်လိုက် ပါ၏။
.
''ဒီလို ကိုခင်ဝင်းရ ကျွန်တော်က အေး အေးဆေးဆေး နေချင်တာနဲ့ ဈေးကောင်းရတာ နဲ့ပေါ့လေ။ မြို့ထဲကအိမ်ကို ရောင်းလိုက်ပြီး ဘုရားဖြူဘက်မှာနေနေကြတာဗျ။ အမျိုးသမီးက ကုန်စုံဆိုင်ဖွင့်ထားတော့ မြို့ထဲကို ဈေးဝယ်တဲ့ အခါလိုက်ပို့။ သမီးနဲ့သမက်က မွေးထားတဲ့ မြေးနှစ်ယောက်ကို ထိန်းရင်းနဲ့ ကျောင်းပို့ ကျောင်းကြိုလုပ် ခြံထဲမှာ ရာသီပေါ်အသီးအနှံ လေးတွေစိုက်နဲ့ ဘဝကို အေးချမ်းစွာနဲ့ ဖြတ် ကျော်နေတယ်ဆိုပါတော့ဗျာ။ တစ်ခါတလေမှာ တော့ မြို့တစ်ပတ်လျှောက်မောင်းဖြစ်တယ်။ ဘာရယ်လို့တော့မဟုတ်ပါဘူး။ ကျွန်တော်တို့ မြို့ကြီးရဲ့ အံ့မခန်း တိုးတက်ပြောင်းလဲနေမှုတွေ ကို ဂုဏ်ယူစွာနဲ့ လိုက်ကြည့်တဲ့သဘောပါ။ စစ် ဆေးတာ မဟုတ်ဘူးနော် ဟား ဟား ဟား''
.
''ခုခေတ်က ကားကြီးကားငယ်တွေရော၊ ဆိုင်ကယ်တွေရော အရမ်းများနေတယ်နော် အစ်ကိုကြီး သတိထားမောင်းဦး''
.
''အေးဗျ အဲဒါကတော့ ဟုတ်တယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ကား သမားအများစုက လိုက်နာမှုရှိကြပေမယ့် လူ ငယ်ဆိုင်ကယ်သမားတချို့ကတော့ စည်းကမ်း လိုက်နာမှု သိပ်မရှိကြတာကို တွေ့တွေ့နေရ တယ်။ ပညာပေးတွေကို သက်ဆိုင်ရာတွေက လုပ်ပေးနေလည်း ခဏပါပဲဗျာ။ နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာက ကောက်ရိုးမီးလို တစ်ခဏနဲ့မရဘူး။ အစိုးရကိုချည်းအပြစ်ပြော လို့လည်းမရဘူးဗျ။ နိုင်ငံသားတစ်ဦးချင်းစီကိုက စိတ်ဓာတ်ကောင်းတွေနဲ့ ညီညီညွတ်ညွတ်ပြု ပြင်ကြမှဖြစ်မှာ စောစောက ပြောတဲ့လူငယ်ဆိုင် ကယ်စီးတချို့ဆိုရင် ဟိုကကွေ့ဝင်လာ၊ ဒီက ဖြတ်ဝင်မောင်းနဲ့ အတော်ကိုသတိထားနေရ တယ်။ ကိုခင်ဝင်းရေ။ ရှေ့ကဖြတ်ပြီးမောင်းတဲ့ ဆိုင်ကယ်တချို့များဆို ဘာခေါ်မလဲဗျာ။ ပလာ တာရိုက်တယ်ဆိုလားပါ။ ဟိုကွေ့ဒီကောက်နဲ့ စီးနေကြတာများ မတော်လို့ ခဲလေးတစ်လုံးနင်း မိပြီး ချော်လဲသွားမှဖြင့် နောက်က ကားသမား ဒုက္ခလှလှကြီးတွေ့ပြီပေါ့ဗျာ။ ဒါထက် ကိုခင် ဝင်း ခင်ဗျားစာတွေဆက်ရေးဖြစ်နေသေးလား။ ကျွန်တော်ကတော့ မှန်တာပြောရရင် မဂ္ဂဇင်း တောင်ဘယ်မှာငှားဖတ်ရမယ်မှန်းမသိလို့ မဖတ် ဖြစ်တော့ဘူး။ ကျွန်တော်ဖတ်နေကျအားကစား ဂျာနယ်လောက်ပဲ ဖတ်ဖြစ်တယ်။ ဘောလုံးပွဲ ကောင်းကောင်းရှိရင်ကြည့်လိုက်၊ မကျေနပ်တာ တွေ့ရင် ဆဲလိုက်နဲ့ တယ်အရသာရှိတာလား ဟား ဟား ဟား''
.
သစ်ပင်အုပ်အုပ် ဝါးရုံပင်အုပ်အုပ်တွေဖြင့် ကားငယ်လှလှတွေ ပြွတ်သိပ်နေသော ခြံတစ် ခြံအတွင်း ကားကိုအသာကွေ့ဝင်ကာ သူသည် ကားကို ရပ်နားလိုက်ပါ၏။
.
''လာ ကိုခင်ဝင်း ဒါတကယ်ကို အေးအေး ဆေးဆေးထိုင်လို့ကောင်းတဲ့ နေရာပဲ။ မြို့ထဲက ဆိုင်တွေလို အသံပေါင်းစုံ ဆူညံမှုလုံးဝမရှိဘူး''
.
အပြေးတစ်ပိုင်းဖြင့် ရောက်လာသော စား ပွဲထိုးသူငယ်လေးကို အစ်ကိုကြီးက ''လက် ဖက်ရည်ပုံမှန် ၂ ခွက်ပေးကွာ''ဟု မှာလိုက် သည်။
.
''အစ်ကိုကြီးက ဘောလုံးပွဲတွေကို ကြည့် တာက ပြည်ပပွဲတွေပဲ မဟုတ်လား''
.
''ပြည်တွင်းပွဲတွေလည်း ကြည့်ဖြစ်ပါတယ်။ ဟိုးအရင်ခေတ်တုန်းက ပေါ်ခဲ့ဖူးတဲ့ ပြည်တွင်း ဖြစ်၊ နိုင်ငံခြားအရက်ဆိုတာလိုပဲ။ ပြည်တွင်းပွဲ တွေကြည့်ရတာကလည်း ပြည်ပပွဲတွေကြည့်ရ တာနဲ့ မထူးဘူးဘဲ''
.
''ပြည်တွင်းက ကစားသမားတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ ကလပ်အသင်းတွေလည်း ရှိနေ ပါပြီ အစ်ကိုကြီးရ''
.
''ဟုတ်တယ် တွေ့တယ်။ ကျန်တဲ့ကလပ် အသင်းတွေလည်း ကိုယ့်ပြည်တွင်းက ကိုယ့် တိုင်းဒေသကြီးနဲ့ ကိုယ့်ပြည်နယ်အတွင်းက ကစားသမားတွေနဲ့ ဖွဲ့စည်းပြီးကစားကြ၊ ပြိုင် ကြရင် ပိုကောင်းမယ်လို့ ကျွန်တော်တော့ယူဆ တယ်။ ဒါမှ တကယ့်ရွက်ပုန်းသီးကစားသမား ကောင်းလေးတွေ ပေါ်ထွက်လာပြီး နိုင်ငံ့လက် ရွေးစင်အသင်းအတွက်ပါ အရန်အင်အားဖြစ် လာမယ်လို့ ကျွန်တော်ယူဆတယ်။ ပြည်ပက နိုင်ငံတွေမှာလည်း ကြေးစားတွေနဲ့ ကစားနေကြ တာရှိတာပဲ ဆိုပေမယ့် ကျွန်တော်တို့နိုင်ငံအနေ နဲ့က အဲသလိုမျိုးထိ မလိုအပ်သေးဘူးလားလို့ ပါ။ ဒါက ကျွန်တော့်အမြင် ယူဆချက်ပါ။ ခု တော့ဗျာ ပြည်တွင်းက ကလပ်အသင်းတွေဖြစ် ကြပါလျက်နဲ့ အသင်းခေါင်းဆောင်က နိုင်ငံခြား သားဂိုးသမားကို အငှားဂိုးသွင်းတဲ့ကောင်က ကုလားဆိုတာလို၊ ဘယ်မှာလဲ ကိုယ့်ပြည်တွင်း က ကစားသမား၊ ကိုယ်အားပေးတဲ့အသင်းက ဂိုးသွင်းလိုက်လို့ အားပေးချင်တာတောင် ဘယ် လိုအားပေးရမှန်းမသိဖြစ်နေတာ။ ခင်ဗျား သ တိပြုမိရဲ့လား စာရေးဆရာရဲ့''
.
''ဗျာ ဘယ်လို အစ်ကိုကြီး''
.
''ဥပမာ ပြောမယ်ဗျာ၊ ဥပမာလို့ကျွန်တော် ပြောထားတယ်နော် စာရေးဆရာ ပီပီမဖွလိုက်ဖို့ တော့ တောင်းပန်ပါရဲ့''
.
''ဟား ဟား ဟား ဟုတ်ပါပြီ အဓိပ္ပာယ် ကိုသာ ရှင်းပြပါဦး အစ်ကိုကြီးရ''
.
''ဥပမာဗျာ ကမ္ဘောဇအသင်းက တစ်ဘက် အသင်းကို ဂိုးသွင်းလိုက်ပါပြီတဲ့ ကဲ ခင်ဗျား ဘယ်လို အားပေးမှာလဲ ကဲ ပြောကြည့်စမ်း''
.
''ဟာဗျာ အစ်ကိုကြီးကလည်း ကိုယ့်အ သင်းက ဂိုးသွင်းတာပဲ ဟေး ဒါမှ တို့ကမ္ဘောဇ ကွလို့ အားပေးမှာပေါ့။ ဒါမှားလို့လား မဟုတ် လို့လား''
.
''အင်း မှားလို့လားဆိုတော့ မှားတော့မမှား ဘူး။ ဒါပေမဲ့ လွဲနေသလားလို့ ခင်ဗျားစဉ်းစား ကြည့်လေ။ ဂိုးသွင်းသွားတဲ့သူက နိုင်ငံခြားသား ကြေးစားသမား ဘယ်မှာလဲ ကမ္ဘောဇက က စားသမား ဒီနေရာမှာ ကိုယ့်ပြည်နယ်အတွင်း က ပြည်နယ်အားကစားသမားလေးများသာဖြစ် လို့ကတော့ ဟေး ဒါမှ တို့ကမ္ဘောဇသားကွ၊ ကမ္ဘောဇအသင်းကို နိုင်ချင်ရင် ဆယ်နှစ်ဆယ် မိုးကြိုးစားပါဦး ဆိုတာတွေနဲ့ အော်ဟစ်အား ပေးလို့ကောင်းပေါ့ဗျာ ကျွန်တော်ပြောတာ မ ဟုတ်ဘူးလား''
.
''အင်း အစ်ကိုကြီးပြောတာလဲ ဟုတ်တုတ် တုတ်ပဲ''
.
''ဟုတ် တုတ်တုတ်မဟုတ်ဘူး၊ တကယ် ဟုတ်တာပါ။ ကြေးစားသမားတွေနဲ့ အတွေ့အကြုံရအောင်ဆိုပြီး ပြိုင်ပွဲတွေ လုပ်လာခဲ့တာ နှစ်တွေမနည်းတော့ဘူးနော် ကိုခင်ဝင်း။ ကဲ ဘယ် နှစ်က၊ ဘယ်ပွဲမှာ ကျွန်တော်တို့နိုင်ငံ့လက်ရွေးစင် အသင်းက ပထမ၊ ရွှေတံဆိပ်ရခဲ့တာရှိလား၊ ဖိတ်ခေါ်ပွဲပဲလုပ်လုပ်၊ ခြေစမ်းပွဲပဲလုပ်လုပ်၊ ခြေ စစ်ပွဲပဲလုပ်လုပ်၊ အရှုံးသံသရာဝဲက မရုန်းထွက် နိုင်သေးဘူးမဟုတ်လား။ အတွေ့အကြုံရ အောင် ခြေစမ်းကြည့်တဲ့သဘောပါ ဆိုတာတွေ နဲ့ပဲ ဘောလုံးချစ်ပြည်သူတွေကို နှစ်သိမ့်ခဲ့တာ နှစ်တွေကြာခဲ့ပြီကောဗျာ မဟုတ်ဘူးလား''
.
သူက လွမ်းလွမ်းဆွေးဆွေးပြောရင်း အေး စက်နေသော လက်ဖက်ရည်ကို တစ်ငုံမျှ သောက်လိုက်သည်။
.
''ကဲလုပ် ခင်ဗျားလည်းသောက်လေ၊ မုန့် တွေရော မစားတော့ဘူးလား၊ စောစောက ကျွန်တော်မေးတာ ခင်ဗျားဖြေဖို့ ကျန်နေသေး တယ်နော''
.
''ဗျာ ဘာပါလိမ့်''
.
''စာတွေဆက်ရေးဖြစ်သေးလားဆိုတာ လေ''
.
''အေးဗျ ကျွန်တော်လောလောဆယ်မှာ တော့ ကမ္ဘောဇမှာ ဆောင်းပါးလေးတွေ ကြို ကြားကြိုကြားရေးဖြစ်နေပါတယ်''
.
''ဟောဗျာ ကမ္ဘောဇအသင်းက ဂျာနယ် တောင်ထုတ်နေပြီလား၊ အဲဒါတော့ ကျွန်တော် အတော်ကို ညံ့သွားပြီဗျာ။ အဲဒီဂျာနယ်တွေ့ တွေ့နေပေမယ့် အားကစားဂျာနယ်မှန်းမသိ တော့ ဝယ်မဖတ်ဖြစ်ဘူး''
.
''ဆောရီး အစ်ကိုကြီး ဂျာနယ်ကို ကျွန် တော်က အတိုကောက်ပြောလိုက်တော့ အစ် ကိုကြီးက ဘောလုံးအသင်းက ထုတ်တဲ့အားက စားဂျာနယ်လို့ ထင်သွားတာကိုး။ ဂျာနယ်ရဲ့အ မည်အပြည့်အစုံအမှန်က ''ကမ္ဘောဇတိုင်းသတင်း ဂျာနယ်''ပါ။ ရှမ်းပြည်နယ်ကိုယ်စားပြုအ ဖြစ်နဲ့ ထုတ်ဝေတဲ့ တောင်ကြီးအခြေစိုက် ဂျာ နယ်ပါ။ အဲဒီမှာ ဝါသနာအရ နည်းနည်းပါးပါး ကျွန်တော်ရေးဖြစ်နေပါတယ်။''
.
''ဝါသနာပါတဲ့အလုပ်လုပ်ရတာပဲဗျာ။ ကောင်းတာပေါ့။ ကျွန်တော်တောင် အားကစား ဆောင်းပါးလေးတွေ ရေးချင်စိတ်တစ်ခါတစ်ခါ ဖြစ်ဖြစ်လာတယ်ဗျာ။ ဘယ်ကဘယ်လို စရေးရ မှန်းမသိဘူးဖြစ်နေလို့ ခင်ဗျားနဲ့နီးရင်လည်း ကောင်းသား''
.
''အစ်ကိုကြီးက ဘောလုံးပွဲတွေလည်း ကြည့်၊ ဂျာနယ် ၂ စောင်လောက်ကိုလည်း အ မြဲဖတ်နေတာပဲဥစ္စာ၊ ရေးရင်ဖြစ်ပါတယ်၊ရေး ကြည့်ပါ။ ပြီးရင် ကမ္ဘောဇတိုင်းသတင်းဂျာနယ် ကို ပိုကြည့်ပေါ့''
.
''ဟာ အဲဒါတော့ မဖြစ်ဘူး ထင်တယ်ဗျ။  တော်ကြာ အဲဒီဂျာနယ်အရောင်းကျသွားပါဦး မယ် ဟား ဟား ဟား။ ဒါ့ထက် နေပါဦး ကို ခင်ဝင်း။ ကျွန်တော်ခုမှ ရုတ်တရက်သတိရမိ တယ်။ ဘာလဲဆိုတော့ ဟိုးတစ်နှစ်က ကျွန် တော့်သမီးက ရှမ်းပြည်နယ်အတွင်းက မြို့တွေ အကြောင်းနဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေအကြောင်း ပြည့်ပြည့်စုံ စုံပါလို့ ကောင်းလိုက်တာဆိုပြီး ဝယ်ထားတဲ့ မဂ္ဂဇင်းတစ်အုပ် အိမ်မှာရှိတယ်ဗျ။ ခု ခင်ဗျား ပြောမှ ဒီအမည် ငါကြားဖူးပါတယ်လို့ စဉ်းစား နေတာ၊ ကမ္ဘောဇမဂ္ဂဇင်း ဟုတ်တယ် မဟုတ် လား''
.
''အမည်မှန်ကတော့ '' ကမ္ဘောဇတိုင်း မဂ္ဂဇင်း''ပါ။ အဲဒီမဂ္ဂဇင်းက ဂျာနယ်စောင်ရေ ၁ဝဝ ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်လိုက် တာပါ။ အဲဒီ မဂ္ဂဇင်းမှာလည်း ကျွန်တော့် ဆောင်းပါးတစ်ပုဒ်ပါသေးတယ် အစ်ကိုကြီးရ''
.
''ဟောဗျာ ဟုတ်လား အားနာစရာတောင် ဖြစ်သွားပြီ စာရေးဆရာရေ ကျွန်တော်အဲဒီ မဂ္ဂဇင်းအိမ်မှာ ရှိနေတာကြာပြီ ဖြစ်ပေမယ့် လုံး ဝကို ကိုင်မကြည့်မိဘူးဗျာ။ ဆေားရီးပဲရောက် မှ ခင်ဗျားဆောင်းပါးကို အရင်ဖတ်ရမယ်ဗျာ။ ဟေ့ ဒီမှာ ပိုက်ဆံရှင်းမယ်''
.
အစ်ကိုကြီးက ကျသင့်ငွေရှင်းရန် စားပွဲထိုး သူငယ်လေးကို လှမ်းခေါ်လိုက်သည်။
.
''စကားပြောလို့လည်း ကောင်းပါရဲ့ ကျွန် တော်က အချိန်ရပေမယ့် ခင်ဗျားက ပြန်ဆင်း ရဦးမယ် မဟုတ်လား၊ ခု ကျွန်တော်ဘယ်ကိုပို့ ပေးရမလဲ၊ ကားဂိတ်လား၊ ဈေးကိုလား၊ ဂျာ နယ်တိုက်ကိုလား''
.
''ပေးစရာ စာမူမပါသေးလို့ ဂျာနယ်တိုက် တော့ မသွားတော့ဘူး အစ်ကိုကြီး၊ ဈေးကိုပဲ ကျွန်တော်လိုင်းကားနဲ့ သွားလိုက်ပါ့မယ်။ လက်ဖက်ရည်တိုက်တဲ့အတွက်ကျေးဇူးတင်ပါ တယ်။''
.
''ဘာဖြစ်လို့လဲ၊ လီဗာ ၃-၄-၅ ချက်ပဲ နင်းရတဲ့ ဥစ္စာ။ လာပါ တက်ပါ ကိုခင်ဝင်းရ''
.
''အစ်ကိုကြီးမေ့သွားပြီလား၊ ကျွန်တော် က စာရေးဆရာလေ''
.
''ဟုတ်ပါတယ် အဲဒီတော့ဘာဖြစ်လို့တုန်း''
.
''လိုင်းကားနဲ့သွားတော့ ကျွန်တော့်အတွက် ရေးစရာ ကုန်ကြမ်းလေးတွေ ရတတ်တာပေါ့ အစ်ကိုကြီးရ''
.
''သြော် အဲဒီလိုလား ဒါဆို စောစောက ကျွန်တော်ပြောခဲ့တာတွေကလည်း ခင်ဗျားအ တွက် ရေးစရာကုန်ကြမ်းတွေပဲလားဗျာ''
.
''အင်း အဲဒါတွေက ကုန်ကြမ်းအဆင့်မ ဟုတ်တော့ဘူး အစ်ကိုကြီးရ''
.
''ဟောဗျာ ဘာဖြစ်လို့တဲ့လဲ''
.
''ကုန်ချောတွေဖြစ်နေလို့ပါ''
.
''အဲဗျာ ကောင်းရော''။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats