“ဝ”အထူးဒေသမှ လွှဲပြောင်းပေးအပ်သည့် မူးယစ်ဆေးသယ်ဆောင်သူ အမျိုးသမီး ၂ ဦး အမှုမှ ကွင်းဆက်တရားခံ ထပ်မံ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ”အထူးဒေသမှ လွှဲပြောင်းပေးအပ်သည့် မူးယစ်ဆေးသယ်ဆောင်သူ အမျိုးသမီး ၂ ဦး အမှုမှ ကွင်းဆက်တရားခံ ထပ်မံ ဖမ်းဆီးရမိ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ ဟွေအောရှိ “ဝ”စစ်ဒေသ (၁၇၁)မှ ဖမ်းဆီးရမိ ထားသည့် မူးယစ်ဆေးဝါးသယ်ဆောင်သူ အမျိုးသမီး ၂ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အောက်တိုဘာလ ၆ ရက် ညနေပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါအမှုမှ ကွင်းဆက်တရားခံအား အောက်တိုဘာလ ၇ ရက်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
“ဖမ်းမိသူတွေကို မြို့မရဲစခန်းမှာပဲ ထားပါတယ်။ စစ်ဆေးတဲ့အခါမှာ ထပ်ပြီးကွင်းဆက်မိလို့ မူးယစ်ဆေးဝါးတွေနဲ့အတူ ထပ်မံဖမ်းဆီးထားပါတယ်။ အရေးယူဆောင်ရွက်နေပါပြီ”ဟု မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ်လောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စက်တင်ဘာလ ၂၇ ရက်၊ ညနေပိုင်းအချိန်တွင် ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာ၊ ရပ်ကွက်(၄)၊ လီဆူးအပိုင်း(၄) တွင် နေထိုင်သည့် မအားပိုမေး (၁၈)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်နာမေးမ(၄၃)နှစ်တို့ စီးနင်းလာသော မော်တော်ဆိုင်ကယ်အား ပုံပါကျင်-နယ်ခြားကျောက်တိုင် ဘီပီ-၁ သို့သွားလမ်း၊ မြန်မာ-ထိုင်းနယ်စပ်မှ ၁ မိုင်ခန့်အကွာရှိ UWSA`၀`ဂိတ်တာဝန်ကျ တပ်မဟာ(၇၇၅)မှတာဝန်ကျ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ WY စာတမ်းပါ မူးယစ်ဆေးဝါး ၁၀၀၀၊ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် အလေးချိန် ၂၆ ဂရမ်ပါ ၂ ပုလင်း၊ စုစုပေါင်း အလေးချိန် ၅၂ ဂရမ်ခန့် တို့အား ရှာဖွေတွေ့ရှိကာ ဖမ်းဆီးထားရှိပြီးနောက် အောက်တိုဘာလ ၆ ရက် ညနေပိုင်းတွင် UWSA “ဝ”တောင်ပိုင်း ဆက်ဆံရေးမှူးဦးလောက်မိန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီး မိုင်းတုံမြို့မအချုပ်ခန်းတွင် ခေါ်ဆောင်ချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။ ထို့နောက် ဖမ်းဆီးရမိသူများကိုစစ်ဆေးရာမှ ကွင်းဆက်အရ အောက်တိုဘာလ ၇ ရက် ညနေပိုင်းတွင် နားကောင်းမူးကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိန်းနေ(၄၀)နှစ်၏နေအိမ်သို့ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ စိတ်ကြွဆေးပြားစုစုပေါင်း ၂၅၈၀၀ ပြားနှင့် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် ၃၄၀ ဂရမ်ကို ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
“မူးယစ်ဆေးဝါးဟာ ကမ္ဘာ့ရန်သူပဲ။ တစ်ချိန်ကဘိန်းစိုက်ခဲ့တဲ့သမိုင်းဆိုတာက ကျန်ခဲ့ပါပြီ၊ ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေးမိတိုင်း ကျနော်တို့ကိုပဲ စွပ်စွဲတယ်။ အခြေအမြစ် တိတိပပမရှိဘဲ စွပ်စွဲနေတာပါ။ ကျွန်တော်တို့အဖွဲ့ကမှန်ရင် ကျွန်တော်တို့ ဥပဒေအတိုင်း အရေးယူမှုတွေ ပြုသွားမှာပါ။ အခုလို မူးယစ်ဆေးဝါးတွေကို တိုက်ဖျက်ဖို့ တိုက်ပွဲတစ်ခုလိုကို ဆင်နွှဲလုပ် ဆောင်သွားရမှာပါ”ဟု UWSA ”ဝ”နယ်ပြင်ပ လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
UWSA`၀`တပ်ဖွဲ့မှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲအပ်သည့်ဒေါ်နာမေး မနှင့်မအာပိုမေးတို့အား ပုံပါကျင်နယ်မြေရဲစခန်းမှ မယ(ပ)၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ဖြင့်လည်းကောင်း၊ ကွင်းဆက်အရထပ်မံဖမ်းဆီးရမိသူ မိန်းနေ အား နားကောင်းမူးနယ်မြေရဲစခန်းမှ မယ(ပ)၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း အမှုဖွင့်ကာ မိုင်းတုံမြို့မရဲစခန်းတွင်ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats