ကျော်လင်းထွန်း (ချောင်းဦး)
.
.
'ညိုမြ'ဟု ဆိုလိုက်သည်နှင့် 'ကုန်းဘောင် ရှာပုံတော်'နှင့် 'ငရဲခွေးကြီး
လွတ်နေသည် (The Hell-hound At Large)' ကို
ချက်ချင်း မြင်ယောင်မိကြမည်။ 'အိုးဝေမဂ္ဂဇင်း'နှင့်အတူ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းနှင့်
ကိုနုတို့ကို ကျောင်းထုတ်ပစ်ခဲ့သော ထိုအချိန်က ရန်ကုန် တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာစ
လော့(ဒ်)ကို သတိရမိပေလိမ့်မည်။ 'အမြင့်'ဟု ဆိုလိုက်သည်နှင့် 'မင်းလက်ဝါး'၊ 'ကျန်စစ်သား'
'ရွှေအိမ်စည်'နှင့်တကွ 'အနိမ့်( ယနေ့အခေါ် သုံးပန်လှ)ရွာကို သိသူ၊ မြင်ယောင်သူ ရှိသ ကဲ့သို့
မသိသူ၊ သေသေချာချာ သိချင်သူများ ရှိနေပေလိမ့်မည်။ 'အနိမ့်'ကို ယခင်က 'ကမ်းနိမ့်ရွာ'၊
ယခု 'သုံးပန်လှ'ဟု ခေါ်ကြပြီး၊ မြန် မာ့သမိုင်း၏ သာသနာ့ အာဇာနည် 'ဦးဝီစာရ' ဇာတိဟု သိနေကြပါလိမ့်မည်။
ရှေးဟောင်း အမြင့်မြို့နဲ့ သုံးပန်လှ (အနိမ့်)ရွာနဲ့ ၄ မိုင် ခန့် ပင် ကွာဝေးပါသည်။
အမှန်ဆိုရလျှင် အနိမ့်နှင့် အမြင့် နှစ်ရွာစလုံးသည် တကယ့်သမိုင်းဝင်ရှေး ဟောင်းမြို့များ
ဖြစ်ကြသည်။ ဒုတိယ ပုဂံဟုပင် တင်စား၍ ရနိုင်သည့် ပုဂံခေတ်လက်ရာ စေတီ ပုထိုးများ၊ သာသနာ့
အဆောက်အအုံများသာ မက ရှေးဟောင်းကျောက်စာပေါင်း ၆ဝ ကျော် လည်း ရှိပေသည်။
လွတ်လပ်ရေးတိုက်ပွဲဝင် တက္ကသိုလ် ကျောင်းသားများတွင် နိုင်ငံကျော်
ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုသိန်းဖေ (သိန်းဖေမြင့်) တို့နှင့်အတူ ညိုမြ(ဦးညိုမြ)သည်
ကမ္ဘာကျော်ခဲ့ ကြပြီး အင်္ဂလိပ်အစိုးရကပင် သတိပြုနေရသော အာရှသူရဲကောင်း လူငယ်ဖြစ်ခဲ့သည်။
ဦးညိုမြ ၏ စာအုပ်များတွင် အတ္ထုပ္ပတ္တိဖော်ပြရာ၌ 'မုံရွာခရိုင်၊ ချောင်းဦး မြို့နယ်၊
အမြင့်မြို့၊ သောတာ ပန်ရွာ'တွင် မွေးဖွားသည်ဟု ဖော်ပြခဲ့သည်။ ထို့ ကြောင့်ပင် 'အမြင့်'သည်
ကိုလိုနီခေတ်တွင်မြို့ (မြို့ဟောင်း)ဟု သုံးနှုန်းခဲ့ပါသည်။ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်
အဆုံးထိ မြို့ရိုး၊ ကျုံး စုံလင်စွာရှိသော မြို့ဝန်မင်းရုံးစိုက်ရာ ခရိုင်မြို့ ကြီး
ဖြစ်ခဲ့သည်။ ထိုခေတ် အမြင့် (၅)မြို့တွင် အမြင့်မြို့နှင့်အတူ (၁)အာလကပ္ပ၊ (၂)နဘက်၊
(၃)ကျောက်ရစ်၊ (၄) ပရိမ္မတို့ ပါဝင်ခဲ့သည်။ ထို အထဲမှ ပရိမ္မအကြောင်း ကြားဖြတ်တင်ပြရပေ
မည်။ အမြင့်တွင် တော်သလင်းလပြည့်နေ့တိုင်း နှစ်စဉ်ကျင်းပရာ ''ရွှေတွင်းအောင်း ဘုရားပွဲ
တော်''မှာ အလွန်ပင် စည်ကားပါသည်။ ထို ရွှေတွင်းအောင်း ဘုရားကို တည်ခဲ့သူမှာ အ ခြားမဟုတ်၊
ပရိမ္မရွာသား ကျန်စစ်သားမင်းပင် ဖြစ်သည်။
.
ချင်းတွင်းမြစ်ကို မုံရွာမှ စုန်ဆင်းလာပါက တောက်ဘက် ၁၂ မိုင်အကွာတွင်
အမြင့်နောက် ထပ် ၄ မိုင် စုန်ဆင်းလာလျှင် အနိမ့် (သုံးပန် လှ)ရွာ ရှိပါသည်။ အမြင့်မြို့ဟု
ယခင်တွင်ခဲ့ သော ယနေ့အမြင့်ရွာ၏ ချင်းတွင်းမြစ်ကမ်း န ဖူးတွင် (၁) ရွှေတွင်းအောင်းစေတီ၊
(၂)မံဘုရား နှင့် (၃) ကြည့်ဘုရားတို့ကို မနီးမဝေးနှင့် ဖူး မြင်နိုင်ပါသည်။ ''ရွှေတွင်းအောင်းစေတီနှင့်
ကြည့်ဘုရား''တို့မှာ ကျန်စစ်သားမင်းနှင့် ပတ် သက်နေပြီး ''မံဘုရား'မှာမူ နရပတိစည်သူမင်း၏
ကောင်းမှု ဖြစ်ပါသည်။
.
ကျန်စစ်သားကို မယ်တော်ပဉ္စကလျာမှ မွေးဖွားခဲ့သော ဒေသမှာ ရှေးဟောင်းအမြင့်မြို့
အောက် (တောင်ဘက်)ရှိ 'ပရိမ္မ'ရွာ ဖြစ်သည်။ ချင်းတွင်းမြစ်ကမ်းနဖူးမှာပင် တည်ရှိသည်။
ကျန် စစ်သား မွေးဖွားချိန်တွင် ပုဂံနေပြည်တော်၌ ''မင်းလောင်းပေါ်မည်''ဟူသော အတိတ်ကြောင့်
ပုခက်အတွင်း ကလေးငယ်များသတ်ရန် အမိန့် ပေးသော်လည်း မင်းလောင်းမသေသေး၊ နွား ကျောင်းသားအရွယ်
ရောက်နေပြီဆိုပြန်၍ မင်း လောင်းဖြစ်လာနိုင်မည့်သူ နွားကျောင်းသားအ ရွယ်ရှိ သတ်စေပြန်သည်။
စသည် စသည်ဖြင့် ရာဇဝင် အစစ်လိုလို ပါးစပ်ရာဇဝင်လိုလို ဒဏ္ဍာ ရီများစွာ ရှိခဲ့ချိန်တွင်
ကျန်စစ်သားသည် ထိုကလေး ထိုသူငယ်အရွယ်ပင် ဖြစ်ပါ၏။
.
အနော်ရထာမင်း၏ ပုဂံနေပြည်တော်တွင် ကျန်စစ်သား အမှုတော်ထမ်းရွက်နေစဉ်
ဥဿ ပဲခူးပြည်၏ ဂျွမ်းစစ်သည် ရန်သူများအရေးတွင် အနော်ရထာ၏ စေခိုင်းချက်အရ သွားရောက်
ကူညီခဲ့သည်။ ထိုအရေးတွင် ဥဿပြည့်ရှင်က အနော်ရထာမင်းကို ကျေးဇူးတင်လှ၍ နှစ်ပြည် ထောင်
ရွှေလမ်းခင်းသည့် အနေဖြင့် သမီးတော် 'မဏိစန္ဒာ' မင်းသမီးကလေးကို ဆက်သခဲ့ သည်။ ဤ မဏိစန္ဒာ
မင်းသမီးလေး၏ ဥဿ ပဲခူးပြည်မှ ပုဂံနေပြည်တော်သို့ ဆောင်ယူခဲ့ရာ ကျန်စစ်သားက အနီးကပ်
စောင့်ရှောက်ဆောင် ယူခဲ့ရ၏။ ဤတွင် မနာလိုသူများ၏ ကုန်းချော စကားနှင့် ကျန်စစ်သားနှင့်
မဏိစန္ဒာတို့၏ နှ လုံးသား ဇာတ်လမ်းများအရ အနော်ရထာမင်း က ကျန်စစ်သားအပေါ် အမျက်တော်ရှခဲ့သည်။
ထို့ကြောင့်ပင် အနော်ရထာမင်းသည် ပုဂံနေ ပြည်တော်ရောက်သည်နှင့် ကျန်စစ်သားကို နှောင်အိမ်တွင်
၇ ရက် သွင်းထားခဲ့သည်။ ၇ ရက် ပြည့်သည်နှင့် နှောင်အိမ်မှ ထုတ်၍ အ ရိန္ဒမာလှံဖြင့် ထိုးရာ
နှောင်ကြိုးပြတ်၍ ကျန် စစ်သား ထွက်ပြေးလေသည်။ ကျန်စစ်သား သည် 'ပရိမ္မ'အရပ်သို့ ပြေးမည်အထင်နှင့်
အ နော်ရထားမင်းက ခြေမြန်ကုလား ၇ ဦးစေ လွှတ်လိုက်သည်။ ထို့ကြောင့် ကျန်စစ်သားသည် ချင်းတွင်းမြစ်၏
အရှေ့ဘက်ကမ်းသို့ ကူးခဲ့ သည်။ တွင်းတူး၍ ပုန်းအောင်းနေခဲ့ရသည်။
.
ဤသို့ တွင်းတူးပုန်းအောင်းနေခဲ့သော နေ ရာမှာ အခြားမဟုတ်၊ ယနေ့ခေတ်တွင်
'ရွှေ တွင်းအောင်းစေတီ' နေရာ ဖြစ်ပါသည်။ ကျန် စစ်သား ထီးနန်းရရှိသော အချိန် ထိုနေရာကို
ဘုရားတည်ရာ 'ရွှေတွင်းအောင်းစေတီ'အမည် တွင်ခဲ့သည်။ ရန်သူများ၊ မိမိထံ လာ မလာကို ကျန်စစ်သားကြည့်ခဲ့သည့်နေရာ၌
ဘုရားတည် ရာ ''ကြည့်ဘုရား'' အမည်တွင်ခဲ့၏။ သမီး တော် ရွှေအိမ်သည် ကျုံး၊ မြို့ရိုးတို့နှင့်
စည်ပင် နေသော အမြို့မြို့သို့ ပုဂံနေပြည်တော်မှ နန်း ဦးရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခဲ့ရာ
'ရွှေကြိုး ရစ်ဘုရား''မှာ ယနေ့တိုင် ဖူးမြော်ကြည်ညိုနိုင် ပါသည်။ ထိုနည်းတူ သူလျှိုကုလား
၇ ဦးကို အရိန္ဒမာ လှံနှင့် ထိုးသွင်းသုတ်သင်ခဲ့ရာ နေ ရာ၌ 'ကုလားကျဘုရား'မှာလည်း ရှေးဟောင်း
အမြင့်မြို့၌ တည်ရှိနေဆဲ ဖြစ်ပါသည်။
.
ရှေးဟောင်းအမြင့်မြို့နှင့် ယဉ်ကျေးမှုနယ် မြေ သုံးပန်လှရွာ (အနိမ့်)တို့၏
အမည်တွင် ပုံ ဇာတ်လမ်းအချို့ ရှိပါသေးသည်။
ရှေးယခင် အခါ တစ်ပါးက ချင်းတွင်းမြစ်အတွင်း၌ ကြံ့ကြီး တစ်ကောင် မျောလာသောအခါ ကြံ့ကြီးကုန်
ပေါ်တက်စဉ် ကမ်းခြေနိမ့်သောနေရာကို ကြံ့ ကူးနိမ့် (အနိမ့်)၊ ကြံ့ကြီး ကုန်းပေါ်တက်၍
မရ နိုင်လောက်အောင် မြင့်သောနေရာကို ကြံ့ကူး မြင့် (အမြင့်)ဟု ခေါ်ဆိုခဲ့ကြောင်း ဒေသခံကျွန်
တော့် အမျိုး (မေမေ့ဆွေးမျိုးတစ်သိုက်)စကား အရ ကြားဖူးခဲ့ရသည်။ ကျောက်စာအချို့တွင်
'ကြံ့ကူမြင့်၊ ကြံ့ကူနိမ့်'ဆိုသော စကားလုံးအရ ဆိုလျှင် ကြံ့ကြီးဇာတ်လမ်း ဟုတ်တန်ရာသည်
ဟု သမိုင်းသုတေသန စာရေးဆရာ ရန်နောင် စိုး (ထားဝယ်)၏ အမြင့်ခရီးစဉ်တွင် ကောက် ချက်ချခဲ့သည်။
.
''ကြာကြာရစ် အမြင့်'' ဟူ၍ အမှတ်အ သား ပြုခဲ့ရာ အမြင့်မြို့ဟောင်းကို
သက္ကရာဇ် ၂၂၄ (ခရစ်နှစ် အေဒီ ၈၆၂ )မှာ စတည်ခဲ့တယ် ဆိုပါသည်။ သေချာသည်ဟု မှတ်ယူနိုင်သည်
မှာ ပုဂံခေတ်မတိုင်မီ ကတည်းက ရှေးဟောင်း အမြင့်မြို့ တည်ရှိခဲ့ခြင်းပင် ဖြစ်သည်။ နရပတိ
စည်သူ (၁၁၆၅-၁၂ဝ၁) လက်ထက်တွင် မြို့ ရိုးကျုံးတွေဖော်ပြီး အသစ်မွမ်းမံခဲ့သည်ဟုလည်း
သမိုင်းက ဆိုသည်။ အမြင့်မြို့ဟောင်းသည် မြို့ အင်္ဂါရပ်နှင့် တည်ရှိနေခဲ့ကြောင်း၊ 'အမြင့်မြို့
ဟောင်းကျုံး'ကို ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။ စာရေးသူတို့၏ ချောင်းဦးမြို့မှ ရှေးဟောင်းအ
မြင့်မြို့သို့ ကတ္တရာလမ်း (၇)မိုင်ခန့်သာ ဝေး ပါသည်။ ထိုအမြင့် ရှေးဟောင်းမြို့၏ တောင်
ဘက်ကပ်လျက် ရွာမှာ 'သောတာပန်'ရွာ ဖြစ် ပါသည်။
.
'ညိုမြ'၏ ဇာတိမှာ သောတာပန်ရွာ ဖြစ်သည်။ ချင်းတွင်းမြစ်၏ အရှေ့ဘက်မြစ်ကမ်း
နဖူးတွင် ရှိပါသည်။ ဆရာကြီး ဦးညိုမြ၏ အမည်ရင်းမှာ 'ကိုသိန်းတင်' ဖြစ်၍ စာရေးသူ၏ ဖခင်ကြီး
(အမြင့်ကျောင်းသားဟောင်း) ကိုသိန်းတင်နှင့် နာမည်တူနေသည်ကို ငယ်စဉ်ကပင် သတိပြုမိခဲ့သည်။
ဆရာဦးညိုမြကို ၁၉၁၄ ခု၊ ဧပြီလ ၁ဝ ရက်နေ့တွင် အမြင့်မြို့၊ သောတာ ပန်ရွာ၌ အဖ ရှေ့နေဦးသာစံ၊
အမိ ဒေါ်အံ (ဒေါ်ရွှေအံ)မှ ဖွားမြင်ခဲ့သည်။ မူလတန်းပညာကို ရွှေကူရွာ ဆရာလှိုင်၏ မူလတန်းကျောင်းတွင်
လည်းကောင်း၊ ကြက်သွန်ဈေးရွာ ဆရာတော် ဦးဉာဏ ကျောင်းတို့တွင်လည်းကောင်း သင် ယူခဲ့သည်။
၁၉၂၁ တွင် မုံရွာမြို့ ဗုဒ္ဓဘာသာ အထက်တန်းကျောင်း၌ တတိယတန်းအောင် သည်အထိ ဆည်းပူးခဲ့သည်။
၁၉၂၃ တွင် မန္တလေး ကယ်လီကျောင်းသို့ ပြောင်းခဲ့ပြီး ၇ တန်း အောင်သည်အထိ နေခဲ့သည်။ ၁၉၂၉
တွင် မုံ ရွာကြီး ဗုဒ္ဓဘာသာ အထက်တန်းကျောင်း၌ အဋ္ဌမတန်းမှ ဒသမတန်း အထိ ပညာဆက်လက် ပညာသင်ယူခဲ့ရာ
၁၉၃၂ တွင် ဆယ်တန်းအောင် သည်။ ၁၉၃၃ တွင် ရန်ကုန်တက္ကသိုလ်၌ ဆက် လက်ပညာသင်သည်။ ၁၉၃၈ တွင်
ဝိဇ္ဇာ (အင်္ဂလိပ်စာ ဂုဏ်ထူးတန်း) ဘွဲ့ရခဲ့သည်။
.
အညာသားဖြစ်သော 'ညိုမြ'သည် ၁၉၃၉ ခုနှစ်တွင် အင်္ဂလန်သို့ သတင်းစာပညာ
ပညာ တော်သင် သွားရောက် ခဲ့သည်။ ဒုတိယကမ္ဘာ စစ်ကြောင့် အင်္ဂလန်တက္ကသိုလ်များ ပိတ်ထားသဖြင့်
အမေရိကန်နိုင်ငံ အီဗာဆင်မြို့နော့သ် ဝက်စတင်း တက္ကသိုလ်တွင် တက္ကသိုလ်ပညာ သင်ခဲ့သည်။
၁၉၃၉ တွင် မဟာသိပ္ပံ (သတင်း စာပညာ) ဘွဲ့ရခဲ့သည်။ ၁၉၃၅-၃၈ ခုနှစ်များ တွင် ရန်ကုန်တက္ကသိုလ်
အိုးဝေမဂ္ဂဇင်း အယ်ဒီတာ လုပ်ခဲ့သည်။ ၁၉၄၂-၄၃ တွင် မြန်မာသတင်းစဉ် ထုတ်ဝေသူ၊ ၁၉၄၃-၄၄
တွင် ဝါ ရှင်တန် ဒီစီ မြန်မာ့ရေးရာ အကြံပေးပုဂ္ဂိုလ် များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၆ တွင် 'အိုးဝေ သတင်းစာ' အဖြစ် ထူထောင်ခဲ့ သည်။ စာရေးသူကြားဖြတ် တင်ပြလိုပါသည်။
ဆရာကြီး 'ညိုမြ'ကို ဝမ်းစာ (ပညာရပ်များ) အပြည့်အဝ ဖြည့်ဆည်း (ဆည်းပူး)၊ လေ့လာ ရင်း
စာပေလုပ်ငန်း လုပ်ဆောင်ခဲ့၍ ကမ္ဘာကျော် ခဲ့ရသည်ကို ယနေ့ခေတ် စာပေမွေ့လျော်သူ များအတူ
ယူစေချင်သည်။ အညာသား (တောသား)များ ဥရောပအထိ ပညာသင်ခဲ့ကြပုံကို ယနေ့လူငယ်များ အတုယူစေချင်သည်။
.
ဆရာကြီး ညိုမြသည် မုံရွာမြို့နယ် ပါလီမန် လွှတ်တော်အမတ်အဖြစ် ၁၉၆ဝ
တွင် ဆောင်ရွက်ခဲ့သည်။ ၁၉၈ဝ ပြည့်တွင် နိုင်ငံဂုဏ် ရည် (ဒုတိယအဆင့်) ချီးမြှင့်ခံရသည်။
ဆရာကြီး၏ အထင်ရှားဆုံး စာပေလက်ရာများမှာ ၁၉၃၅-၃၆ ခုနှစ်၊ ဇန်နဝါရီလ 'အိုးဝေမဂ္ဂဇင်း'
တွင် ပါရှိသည့် 'ငရဲခွေးကြီး လွတ်နေပြီ- (The Hell-hound At Large) ဆောင်းပါးနှင့်
၁၉၈၂ ထုတ် (ကုန်းဘောင်ရှာပုံတော်) စာအုပ် ဖြစ်သည်။ ထို့အပြင် နန်းကြာညို၊ တစ်ကိုယ်
တော်၊ ဘိန်းဋီကာ၊ ဤမိုးဤမြေ၊ တရုတ်နဲ့ ရုရှားအကွဲတော်ပုံ၊ သောင်းပြောင်းထွေလာ ညို မြစာများ
စသော စာအုပ်များမှာ လူသိများခဲ့ သည်။ ဆရာကြီး ဦးညိုမြသည် ၁၉၈၅ တွင် ရန်ကုန်မြို့၌
ကွယ်လွန်သည်။
.
ယခုအခါ ရှေးဟောင်းအမြင့်မြို့ဟောင်းတွင် 'ညိုမြတို့ရွာ စာကြည့်တိုက်'
ဖွင့်လှစ်ထားပြီး စာပေကိစ္စရပ်များအပြင်၊ ရပ်ရေးရွာရေး၊ ကလေးစာပေ ပညာရပ်မှသည် နိုင်ငံ့အရေးပေါင်း
များစွာအထိ ဆွေးနွေးနိုင်ကြပါပြီ။ ထိုစာကြည့် တိုက်သည် သမိုင်းသုတေသနပြုရန် ရောက် လာကြသော
ပြည်ပပညာရှင် (နိုင်ငံခြားသား) များနှင့် တိုင်းဒေသကြီး၊ ခရိုင်အရာရှိများ ဝင် ရောက်လေ့လာနားခိုရာ
ဘူမိနက်သန် ဖြစ်နေ သည်မှာ ကြည်နူးရပါသည်။ စာရှုသူ မိတ်ဆွေ တို့ အနေဖြင့်လည်း ဘုရားဖူးရင်း၊
သမိုင်း လေ့ လာရင်း မုံရွာ-မန္တလေး ကားလမ်းပေါ်က ချောင်းဦးမြို့၊ ထိုမှတဆင့် လယ်ခင်းယာကွင်း
ကြားမှ ကတ္တရာလမ်းဖြင့် ၇ မိုင်ခန့်သာ ဝေး သော ရှေးဟောင်းအမြင့်မြို့သို့ လာရောက်ရန်
ဖိတ်ခေါ်ပါရစေ။ 'ညိုမြတို့ရွာ စာကြည့်တိုက်' တွင် နာမည်ကျော် 'အမြင့် မုန့်ပေါင်း'နှင့်
ရေ နွေးကြမ်းကို သုံးဆောင်နိုင်ပါကြောင်း သတင်း ကောင်း ပါးအပ်ပါသည်။
.
.
.
#KBZTai #Shan