ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိ့နယ်၊ ထီဟော်ကျေးရွာအုပ်စု၊
ဇလဲကျေးရွာအနီး၊ တောင်ကြီး- မိုင်းပျဉ်းသွား ကားလမ်းတွင် ယနေ့ အောက်တိုဘာလ ၂၈ ရက်၊
ညနေပိုင်းက သင်္ကန်းဝတ်ဆင်ထားသူ တစ်ဦးထံမှ ငွေကျပ် ၈ သိန်းခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅)မှ ရဲအုပ် အေးမင်းထွန်း ဦးစီးတပ်ဖွဲ့ဝင်မျးသည်
စရဖ (ရပခ)မှ တာဝန်ရှိသူများ၊ သက်သေများနှင့်အတူ အောက်တိုဘာလ ၂၈ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး
သတင်းအရ တောင်ကြီးမြို့နယ်၊ ထီဟော်ကျေးရွာအုပ်စု၊ ဇလဲကျေးရွာအနီး၊ တောင်ကြီး-မိုင်းပျဉ်းသွား
ကားလမ်းတွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်းပျဉ်းဘက်မှ
တောင်ကြီး ဘက်သို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးအား တားဆီးစစ်ဆေးရာ မော်တော်ဆိုင်ကယ်
မောင်းနှင် သူမှာ မောင်းနှင်ထွက်ပြေး သွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ သင်္ကန်းဝတ်
ဦးအာစိဏ္ဏ (ခ) ဦးမောင်မောင်ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသော သင်္ကန်းဝတ်ဆင်ထားသူ ဦးအာစိဏ္ဏ (ခ) ဦးမောင်မောင်ဦး၏
ခန္ဓာကိုယ်အား စစ်ဆေး ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် သင်းပိုင်ခါးကြားအတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်
ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ အထုပ် ၄ ထုပ်၊ စုစုပေါင်း
စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ပြား၊ အလေးချိန် ၈၀ ဂရမ်ခန့်၊ ဒေသပေါက်ဈေး ကျပ် ၈၀၀၀၀၀ ခန့်အား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဦးအာစိဏ္ဏ (ခ) ဦးမောင်မောင်ဦးအား တောင်ကြီးမြို့နယ်
ပြည်နယ်သာသနာရေးဦးစီးမှူး ဦးဇာနည်သောင်းနှင့် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့မှ တောင်ကြီးမြို့၊
စူဠာမုနိ ပရိယတ္တိစာသင်တိုက် တွင် တောင်ကြီးမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်
ဘန္တ ဂုဏဝံသာလင်္ကာရ၏ ရှေ့မှောက်၌ သိက္ခာချ လူဝတ်လဲစေခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် ဦးအာစိဏ္ဏ (ခ) ဦးမောင်မောင်ဦးမှာ
ရွှေညောင်မြို့ ဇာတိဖြစ်ပြီး ကျပန်းလုပ်ကိုင်စားသောက် နေထိုင်ရာမှ အသက် ၄၁ နှစ် အရွယ်တွင်
ရဟန်းဝတ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၁ နှစ်ခန့်မှစ၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချခဲ့ခြင်းဖြစ်ကြောင်းနှင့်
၎င်းနှင့်အတူ လိုက်ပါလာသည့် ဆိုင်ကယ်မောင်းနှင် သူမှာ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်နေ
မိုးလွင် ဆိုသူဖြစ်ကြောင်း သိရပြီး ဖမ်းဆီးရမိခဲ့သော စိတ်ကြွ ရူးသွပ် ဆေးပြားများအား
တောင်ကြီးမြို့နယ်၊ နောင်ကျဉ်းကျေးရွာတွင် စိုင်းလိတ် ဆိုသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း
ထွက်ဆိုခဲ့သည်ဟု သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိသူ ဦးအာစိဏ္ဏ
(ခ) မောင်မောင်ဦး (၅၃ နှစ်) နှင့် မော်တော် ဆိုင်ကယ် မောင်းနှင်ထွက်ပြေးသွားသူ မိုးလွင်တို့အား
တောင်ကြီးနယ်မြေရဲစခန်းတွင် မယ (ပ) ၆၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်တရားခံများအား
ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan