တောင်ကြီး-အေးသာယာ အတက်/အဆင်း လမ်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၁ နာရီခန့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-အေးသာယာ အတက်/အဆင်း လမ်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၁ နာရီခန့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သာစည်-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီး- အေးသာယာ အတက်/အဆင်းလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ သစ်ကိုင်းများ ကျိုးကျမှု ကြောင့် ယနေ့ အောက်တိုဘာလ ၁ ရက်၊ ညနေပိုင်းအချိန်က လမ်းယာယီပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီး-အေးသာယာ အတက်/အဆင်း လမ်း ၂ ခုလုံးတွင် မိုးသည်းထန်းစွာရွာသွန်း၍ တောင်ကျရေများ ကျဆင်းခြင်း၊ သစ်ကိုင်းများ လမ်းမပေါ်သို့ ကျိုးကျခြင်းများကြောင့် ညနေ ၃ နာရီမှ ၄ နာရီအချိန်အထိ ယာယီ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး ၄ နာရီ နောက်ပိုင်းအချိန်မှစ၍ တောင်ကျရေများ လျော့နည်းလာသဖြင့် ယာဉ်များ တစ်စီးချင်း ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။
.
"ကျွန်တော်တို့ ညနေ ၃ နာရီလောက်က အေးသာယာနားမှာ ကားရပ်ပြီး စောင့်နေရတယ်။ သစ်ကိုင်းတွေ ကျိုးကျလို့ လမ်းပိတ်နေတာလို့ ပြောပါတယ်" ဟု အေးသာယာမြို့မှ တောင်ကြီးသို့ ထွက်ခွာရန် စောင့်ဆိုင်းနေသည့် ယာဉ်မောင်း စိုင်းသန်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း “အတက်လမ်းက သစ်ကိုင်းကျိုးကျတယ်။ အဆင်းလမ်းကတော့ ရေကျော်တယ်။ အဲ့ဒါကို အေးသာယာက ယာဉ်ထိန်း အဖွဲ့တွေက ရှင်းလင်းရေး လုပ်နေပါတယ်။ အခုတော့ လမ်းရှင်းသွားပါပြီ" ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့တွင် ယနေ့ အောက်တိုဘာလ ၁ ရက်၊ မွန်းလွဲ ၂ နာရီအချိန်ခန့်မှစတင်၍ ရွာသွန်းခဲ့သော မိုးကြောင့် စိန်ပန်းရပ်ကွက်၊ ရတနာသီရိရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ ရတနာသီရိရပ်ကွက်၊ ရွှေတောင်ရပ်ကွက်နှင့် ညောင်ဖြူစခန်းရပ်ကွက် အပါအဝင် တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats