ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား
ယခုနှစ်တွင် ၉ ရက်သာကျင်းပရန် သတ်မှတ်ထားသည့်အတွက် ပုံမှန်ကျင်းပနေကြအတိုင်း ၁၀ ရက်ကြာ
ပြန်လည်ကျင်းပပေးရန် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံ တင်ပြတောင်းဆိုထားသည်ဟု ရှမ်းပြည်နယ်
ရိုးရာမီးပုံးပျံပညာရှင်များအသင်း ဥက္ကဌ ဦးသန်းဝင်းထံက သိရသည်။
.
.
.
“ကျွန်တော်တို့ မီးပုံးပျံကော်မတီကနေပြီး အကျိုးအကြောင်းတင်ပြ တောင်းဆိုထားတာပါ။
အခက်အခဲတွေ အကုန်လုံးကိုလည်း တင်ပြထားပါတယ်။ ဒီနှစ်မှာ ပြိုင်ပွဲဝင် မီးပုံးပျံအရေအတွက်က
တိုးလာတယ်။ အဲဒါကြောင့် ၉ ရက်နဲ့ပဲ လွှတ်ရမယ်ဆိုရင် တစ်ရက်လွှတ်ရမယ့် မီးပုံးပျံအရေအတွက်တွေ
တိုးလာမယ်။ ပုံမှန် ၁ဝ ရက်ကြာကျင်းပ နေတာတောင်မှ ရာသီဥတုအခြေအနေတွေ၊ တခြားအကြောင်းအရာတွေနဲ့ဆိုရင်
မနက် ၄ နာရီလောက်အထိ ပုံမှန် ဖြစ်သွားတယ်။ တချို့ရက်တွေဆိုရင် မိုးလင်းတဲ့အထိ ရောက်သွားတာတွေရှိတယ်။
အဲဒီမှာ မလွှတ်နိုင်တဲ့အခါ ကျတော့ နောက်ရက်မှ ပြန်ပေါင်းလွှတ်ရတဲ့ အလုံးတွေလည်း အများကြီးရှိခဲ့တယ်။
မနှစ်တုန်းက လပြည့်နေ့ဆိုရင် နေထွက်တဲ့ အချိန်ထိတောင်မှ ရောက်သွားတယ်။ အဲဒီလို အခက်အခဲတွေ
ဖြစ်တာပေါ့။ ကျွန်တော်တို့ ဒိုင်တွေ အနေနဲ့ကလည်း အိပ်ရေးပျက်ပြီး ဖျားနာတာတွေ၊ အသက်အရွယ်
ကြီးတဲ့လူတွေဆိုရင် ဆေးကုရတဲ့အထိ ဖြစ်ကုန်ပါတယ်။ ကျွန်တော်တို့တွေပဲ တောင်းဆိုတဲ့ သဘောမဟုတ်ပါဘူး။
ရှမ်းတောင်မှာရှိတဲ့ ပြည်သူတွေအကုန် တောင်းဆိုတဲ့သဘောပါ။ ပြည်သူတွေကလဲ ပုံမှန်အတိုင်း
ကျင်းပတာကို ကြိုက်ကြတယ်။ ဒီပွဲမျိုးက တစ်နှစ်မှ တစ်ခါ ကြည့်ရတာလေ။ ပုံမှန်အတိုင်းကျင်းပမယ်ဆိုရင်
ဒိုင်အဖွဲ့တွေ၊ မီးပုံးပျံအဖွဲ့တွေ၊ ဝါသနာရှင်တွေ၊ ဈေးရောင်းတဲ့ လူတွေ၊ ပြည်သူတွေ အားလုံးအတွက်အဆင်ပြေပါတယ်”ဟု ဒေါက်တာသန်းဝင်းက
ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အား မူလက ပုံမှန်ကျင်းပနေကြ ၁၀ ရက်ထက်
၁ ရက်လျှော့ကာ ၉ ရက်သာ ကျင်းပမည်ဟု ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ ထုတ်ပြန်ခဲ့ပြီးနောက်
မီးပုံးပျံ ပြိုင်ပွဲဝင်အဖွဲ့များအတွက် အခက်အခဲဖြစ်ပေါ်နိုင်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး
ပုံမှန်ကျင်းပနေကြအတိုင်း ၁၀ ရက်ကြာ ကျင်းပပေးရန် ဒေသခံပြည်သူများအကြား၌လည်း ပြောဆိုမှုများရှိခဲ့ကာ
ယခုအခါ ဦးစီးကော်မတီထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။
.
“ကျွန်တော်တို့က ပွဲတော်ရက်တိုးပေးဖို့ တောင်းဆိုတာမဟုတ်ပါဘူး။
ပုံမှန်ရက်အတိုင်း ကျင်းပပေးဖို့ တောင်းဆိုတာပါ။ ပုံမှန်က ၁၀ ရက် ကျင်းပတာလေ။ အဲဒါကိုမလျှော့ဖို့
တောင်းဆိုတာပါ။ အဖွဲ့အစည်းတွေ ဘာတွေနဲ့ လက်မှတ်ထိုးပြီးတော့ တောင်းဆိုထားတာတော့မဟုတ်ပါဘူး။
အစည်းအဝေးမှာ တင်ပြထားတာပါ။ ပြည်နယ်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကတော့
ညှိနှိုင်းပေးမယ်လို့ ပြောားပါတယ်” ဟု ဒေါက်တာ သန်းဝင်းက ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး
ဦးစိုးညွန့်လွင်တို့နှင့် အောက်တိုဘာလ ၁၇ ရက်တွင် တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ပြီး
တောင်းဆိုမှု မရရှိပါက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံ လိပ်မူ၍ ထပ်မံတင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း
သိရသည်။
.
၂၀၁၈ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံပြိုင်ပွဲကို
နိုဝင်ဘာလ ၁၅ ရက်မှ ၂၂ ရက်အထိ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
နိုဝင်ဘာလ ၂၃ ရက်တွင် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan