ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများအတွက်
နိုဝင်ဘာ ၁ ရက်မှစတင်၍ ကျသင့်ငွေ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန် ခဲ့ပြီးနောက် ပြည်သူများအကြားတွင် ဝေဖန်မှုများ
ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
.
.
“ပိုက်ဆံ တိုးကောက်တာထက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ဘယ်လောက်အထိ
သိရှိနားလည် သလဲ ဆိုတဲ့ စံနှုန်းကို တိုးမြှင့်သင့်တယ်။ လိုင်စင်က ကျွမ်းကျင်မှု အလိုက်
သတ်မှတ်လိုင်စင် ကိုင်ရတာပါ။ အခုဟာ က ဒေါ်လာဈေးတက်၊ ဆီဈေးကတက်၊ ရွှေဈေးကတက်နဲ့ လိုင်စင်ကြေးကပါ
တက်လာတယ်။ ကားခကျတော့ ပိုတောင်းလို့မရ ဆိုတော့ လုပ်စားလို့ မရတော့ဘူး။ ပြည်သူတွေကို
ချောင်ပိတ်ရိုက်နေသလိုပဲ”ဟု တောင်ကြီးမြို့မှ အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးအောင်ကိုက
ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
လက်ရှိတွင် ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ပါက ကျပ် ၈၀၀၀ ကျော်ခန့်သာ
ကျသင့်ပြီး သက်တမ်း တိုးပါက ကျပ် ၁၀၀၀၀ ခန့်မှ ၁၂၀၀၀ အထိ ကောက်ခံလျက်ရှိရာ အဆိုပါ နှုန်းထားများသည်
၁၉၉၇ ခုနှစ်က သတ်မှတ်ခဲ့သော နှုန်းထားဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ
သိရသည်။
.
နိုဝင်ဘာလ ၁ ရက်မှစ၍ ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ပါက ၅၁၀၀၀ အထိ
ကျသင့်မည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးပါက ၆၂၀၀၀ အထိ ကျသင့်မည်ဖြစ်ကြောင်း
ယာဉ်မောင်းများထံမှ သိရသည်။
.
အလားတူ တောင်ကြီးမြို့ပေါ်ရှိ ယာဉ်မောင်းတစ်ဦးကလည်း “ယာဉ်မောင်းလိုက်စင်
အသစ်လုပ်ရင် လိုင်စင်ဖြေလို့ အောင်ရင် ၈၀၀၀ ကျော်ပဲကျတယ်။ နိုဝင်ဘာလ ကျရင် ၅၁၀၀၀ ပေးရမယ်ကြားတယ်။
ဟုတ် မဟုတ်တော့ သေချာမသိသေးဘူး။ ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးတာတွေလည်း တက်မယ်ကြားတယ်”ဟု
ပြောသည်။
.
ယာဉ်မောင်းလိုင်စင်ဖြေဆိုသူများအနေဖြင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင်
ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းကို စာတွေ့ဖြေဆိုမှုအောင်မြင်ပါက လက်တွေ့မောင်းနှင်မှုကို
ဖြေဆိုရမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် လက်တွေ့ဖြေဆိုရာတွင် ဌာနရှိ ယာဉ်များကို ငှားရမ်း၍
မောင်းနှင်ဖြေဆိုနိုင်ပြီး ကိုယ်ပိုင်ယာဉ် များဖြင့်လည်း ဖြေဆိုခွင့်ပြုထားကြောင်း
သိရသည်။
.
မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ပြုလုပ်သည့် မော်တော်ယာဉ်အစီးရေ
၈ သိန်းကျော်ရှိပြီး ယာဉ်မောင်းလိုင်စင် ၈ သိန်းခန့် ထုတ်ပေးထားပြီဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှု
ဦးစီးဌာန စာရင်းဇယားများအရ သိရသည်။
.
.
.
#KBZTai #Shan