ကမ္ဘောဇတိုင်း
.
၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်တွင်
ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ယခုအခါ ရွေးကောက်ပွဲ ကျင်းပရန် အချိန်အားဖြင့် လွန်စွာ
နီးကပ်နေပြီဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ် ခန့်သာ ကျန်ရှိတော့သည့် အချိန်လည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ် မည့် မဲဆန္ဒနယ်များတွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကလည်း အပြိုင်အဆိုင် မဲဆွယ် စည်းရုံးရေးများ
လုပ်ဆောင်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
.
မြန်မာနိုင်ငံတွင် မျက်မှောက်ခေတ် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
စတင်ကျင့်သုံးသည့် အချိန်မှစ၍ ၂ဝ၁ဝ ပြည့်နှစ်တွင် ပထမအကြိမ် ပြည်လုံးကျွတ် အထွေထွေ
ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ယင်းလွှတ်တော်သက် တမ်းအတွင်းမှ လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာအတွက်
၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကို ပြုလုပ်ခဲ့ပါသည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအဖြစ် ၂ဝ၁၅ ခုနှစ်တွင် ပြည်လုံးကျွတ်
အထွေထွေရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုမှတစ်ဖန်
ယင်းဒုတိယအကြိမ် လွှတ်တော်မှ လစ်လပ် သွားသော မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို
၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
.
ယခု လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည်
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ
ဖြစ်ပြီး လစ်လပ်လွှတ် တော်ကိုယ်စားလှယ် နေရာ ၁၃ ခုအတွက် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်လောင်း
၆၉ ဦးမှ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ပါသည်။
.
မျက်မှောက်ခေတ် အနေအထားအရ မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ
၂ ကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ၂ ကြိမ်၊ စုစုပေါင်း ၄ ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ
ယခုကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲမှာ ပဉ္စမအကြိမ်မြောက် ရွေးကောက်ပွဲ တစ်ခုလည်း ဖြစ်ပါသည်။
.
ထိုသို့ ရွေးကောက်ပွဲများ အကြိမ်ကြိမ် အလီလီ ဖြတ်သန်းခဲ့ပြီး ဖြစ်သော်လည်း
မြန်မာပြည်သူ မဲဆန္ဒရှင် အများစုမှာ ယနေ့အချိန်ထိ မဲဆန္ဒရှင်စာရင်း ကြည့်ရှုခြင်း၊ မဲပေးခြင်း
အပါအဝင် အခြားသော ရွေးကောက်ပွဲဆိုင်ရာ အသိပညာများကို ကောင်းမွန်စွာ နားလည်ကြခြင်း မရှိသေးသလို
စိတ်ဝင်စားမှုလည်း မရှိကြသေးသည်ကို တွေ့ရှိရ မည် ဖြစ်သည်။
.
ယခု ကျင်းပပြုလုပ်မည့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်
စာရင်းများကို အောက်တိုဘာ လ ၁ ရက်မှ ၁၄ ရက်အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများတွင်
ရက်သတ္တပတ် ၂ ပတ်တိုင်တိုင် ကပ်ထားကြေညာခဲ့သော်လည်း လာရောက်ကြည့်ရှုသူ နည်းပါးခဲ့သည်ကို
တွေ့ရမည် ဖြစ်သည်။
.
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း
(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ အခန်း၊ ပုဒ်မ ၃၆၉
တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ
မဆန့်ကျင်လျှင် (က) ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်)
ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်
ရှိသည်ဟု ပြဌာန်းထားပါသည်။
.
ယင်းကဲ့သို့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခွင့်အရေး တစ်ရပ်ကို
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခိုင်အမာ ပြဌာန်းပေးအပ်ထားရာ နိုင်ငံသားတစ်ဦးအနေဖြင့်
ရရှိထားသော အခွင့်အရေးကို ရယူကာ မိမိဒေသရပ် ရွာ အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်ပေးနိုင်မည့်
ကိုယ်စားလှယ်တစ်ဦးကို ဆန္ဒမဲပေးရွေးချယ်ရန် အမှန် တကယ် လိုအပ်ပါသည်။
.
နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
ရှမ်းပြည်နယ်အတွင်းမှ လဲချားမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်နေရာလည်း
ပါဝင်နေပါသည်။ လဲချားမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးစိုင်းမွန်းသည် ၂ဝ၁၇
ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကွယ်လွန်သွားခဲ့ခြင်းကြောင့် ¤င်း၏ မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်
လစ်လပ်နေခြင်း ဖြစ်ပါသည်။
.
အဆိုပါ လစ်လပ်လျက်ရှိသော လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက်
ရှမ်းတိုင်းရင်း သား ဒီမိုကရက်တစ်ပါတီ(SNDP) မှ စိုင်းရွှေဆိုင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(SNLD)မှ စိုင်းဥက္ကာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ စိုင်းအောင်ထွန်းလေး
တို့က ပါဝင်ယှဉ်ပြိုင် အ ရွေးခံသွားကြမည် ဖြစ်ပါသည်။
.
ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်လုံးကျွတ် ရွေးကောက်ပွဲကဲ့သို့ အစိုးရတစ်ရပ်
ဖွဲ့စည်းနိုင်သည်အထိ အရေး ပါခြင်း မရှိဟု ဆိုနိုင်သော်လည်း မိမိဒေသ၊ ရပ်ရွာအကျိုးအတွက်
မားမားမတ်မတ် ဆောင်ရွက်ပေးနိုင်မည့် ကိုယ် စားလှယ်ကို ရွေးချယ်ရမည်ဖြစ်ရာ သက်ဆိုင်ရာ
ဒေသအတွက် အလွန် အရေးပါလှသည်။
.
သို့ဖြစ်၍ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့ နိုင်ငံသားအခွင့်အရေးကို
လက်လွတ် ဆုံးရှုံးမခံဘဲ အရ ယူကြရန် လိုအပ်မည် ဖြစ်သလို မိမိတို့ဒေသအကျိုးအတွက် ဆောင်ရွက်ပေးနိုင်မည့်
ကိုယ်စားလှယ်လောင်းများကို လည်း မှန်မှန်ကန်ကန်ဖြင့် မဲပေးရွေးချယ်သွားကြရန် လိုအပ်မည်သာ
ဖြစ်ပါတော့သည်။
.
.
.
#KBZTai #Shan