လယ်ယာမြေသိမ်းဆည်းမှုများအနက် ရှမ်းတောင်ရှိ ခရိုင် ၃ ခုတွင် တောင်ကြီးခရိုင် အများဆုံးဖြစ် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လယ်ယာမြေသိမ်းဆည်းမှုများအနက် ရှမ်းတောင်ရှိ ခရိုင် ၃ ခုတွင် တောင်ကြီးခရိုင် အများဆုံးဖြစ် ဟုဆို



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင် ၃ ခု အနက် တောင်ကြီးခရိုင်သည် လယ်ယာမြေသိမ်းဆည်းမှု အများဆုံး ဖြစ်နေသည်ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ကိုဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
.
 “ရှမ်းတောင်က ၂၁ မြို့လုံးရဲ့ စစ်တမ်းတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ သိမ်းဆည်းခံ မြေယာတွေကို ကျွန်တော်တို့ ကူညီဆောင်ရွက်ခဲ့တဲ့ အမှုတွေ၊ မိတ်ဆွေတွေ ကူညီဆောင်ရွက်ခဲ့တဲ့ အမှုတွေပေါ် မူတည်ပြီးတော့ အဲဒီစာရင်ဇယားတွေအရ ပြောတာပါ။ ရှမ်းတောင်က ခရိုင် ၃ ခုထဲမှာတော့ တောင်ကြီးခရိုင်က မြေယာ သိမ်းဆည်းမှု အများဆုံးပါပဲ။ တောင်ကြီးခရိုင်က ဘာလို့ အများဆုံးဖြစ်တာလဲ ဆိုတော့ လူနေ ထူထပ်တာလည်း များတယ်။ ဖွံဖြိုးရေးကိစ္စတွေ၊ တပ်တွေရဲ့ လုံခြုံရေး၊ ကာကွယ်ရေး လိုအပ်ချက်တွေ များတဲ့အတွက်ကြောင့် ဖြစ်ပါတယ်”ဟု ကိုဝင်းနိုင်စိုးက ပြောသည်။
.
ယင်းကဲ့သို့ လယ်ယာမြေသိမ်းဆည်းမှု အများဆုံးဖြစ်ပွားနေသည့် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များ အနက် တောင်ကြီးမြို့နယ်သည် သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ သိမ်းယူထား သည့် မြေဧက ၅၀၀၀၊ အဖွဲ့အစည်းများမှ သိမ်းဆည်းထားသည့် ညိုမီးကျေးရွာရှိ မြေဧက ၁၇၀၀ ကျော်၊ ဖက်ကွန် ကျေးရွာရှိ ဧက ၁၀၀၀ ကျော်၊ ကျော်မောက်စန်ကျေးရွာရှိ ဧက ၁၀၀၀ ကျော်တို့ ပါဝင်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှု အနေဖြင့် တောင်ကြီးခရိုင်တွင် ၁၂၄၁၉၆ ဒသမ ၈၀ ဧက၊ လွိုင်လင်ခရိုင်တွင် ၁၁၇၉၇ ဒသမ ၇၅ ဧကနှင့် လင်းခေးခရိုင်တွင် ၅၈၈၀ ဒသမ ၈၀ ဧက ရှိနေ ကြောင်း သိရသည်။
.
သိမ်းဆည်းခံ လယ်ယာမြေပြဿနာများ ဖြေရှင်းရာတွင် ဖွဲ့စည်းပုံအားနည်းခြင်း၊ လုပ်ငန်းတာဝန်များ/ ညွန်ကြားချက်များကို ကောင်းစွာ သိရှိနားလည်မှု မရှိခြင်း၊ သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် မညီသဖြင့် မည်သူထံမှ မည်သည့်နေရာအား သိမ်းဆည်း ခဲ့သည် ဟူသော မှတ်တမ်းအထောက်အထား ရှာဖွေရခက်ခဲခြင်း စသည်တို့ကို ရင်ဆိုင်နေရကြောင်း သိရသည်။
.
တရားဥပဒေစိုးမိုးမှု(အသက်ဝင်)မှု အားနည်းခြင်း၊ ဥပဒေပြန့်နှံ့မှု အားနည်းခြင်း၊ ပြည်သူများက ဥပဒေ အပေါ် စိတ်ဝင်စားမှုအားနည်းခြင်း၊ ခေတ်ကာလတစ်ခုတွင် စီးမျှောဝင်မိခြင်းတို့ကြောင့် မြေယာသိမ်းဆည်းခြင်း ပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ကိုဝင်းနိုင်စိုးက ဆက်လက်ပြောကြားခဲ့သည်။
.
မြေယာများသိမ်းဆည်းခံရခြင်းကြောင့် ထိခိုက်ခံစားနေရသည့် ဒေသခံ တောင်သူများ၏ အခြေအနေများကို ကောင်းစွာသိရှိ သဘောပေါက် နားလည်စေရန် မြယာဆိုင်ရာ နှီးနှောဖလှယ်ပွဲများကိုလည်း မကြာခဏ ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats