မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော အထက်ရဲရွာ ရေကာတာ စီမံကိန်းအတွက်
ပြည်ထောင်စုလွှတ်တော်မှ ဘတ်ဂျက်အသစ်များဖြင့် အတည်ပြုမှုနှင့် ပတ်သက်၍ သီပေါမြို့နယ်လူထုမှ
ဆန့်ကျင်ကန့်ကွက်ခြင်း လူထုတွေ့ဆုံပွဲကို သီပေါမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင်
အောက်တိုဘာလ ၁၂ ရက် က ပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲမှ လူထုဆန္ဒသဘောထားကြေညာချက်ကို
ထုတ်ပြန်ခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ သည့် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းသန့်စင်ထံက သိရသည်။
.
.
“ပြည်ထောင်စုလွှတ်တော်
နဝမပုံမှန်အစည်းအဝေးမှာ လျှပ်စစ်ဒုဝန်ကြီး ဦးထွန်းနိုင်လာဖြေသွားတာက EIA/ SIA ကိုလူထုနဲ့တွေ့ဆုံပြီး
ကောက်ယူတယ်လို့ ပြောပေမဲ့ လူထုနဲ့ တစ်ရက်နှစ်ရက်လောက်ပဲ တွေ့ဆုံသွားတာဖြစ်တယ်။ အဲဒီ
အပေါ်မှာ ဘယ်လောက်စိတ်ချရမယ်ဆိုတာ မသိနိုင်တဲ့အတွက် လူထုက စိုးရိမ်ပူပန်မှုတွေဖြစ်ရတယ်။
ပြီးတော့ လက်ရှိ အခြေအနေမှာ အဲဒီစီမံကိန်းက မြေပြိုမှုတွေ ခဏခဏဖြစ်နေပြီး ပြန်ပြင်နေရတာတွေရှိတော့
ဖြစ်လာမယ့် အကျိုးဆက် တွေကို လူထုက စိုးရိမ်ကြတယ်။ လူထုက အနီးဆုံးသာဓကဖြစ်တဲ့ ဆွာရေလှောင်တမံကျိုးပေါက်မှုလို
ဖြစ်မှာ တွေးကြောက် ကြတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာမှမရှိတာလဲ မျက်မြင်တွေ့ကြရတာရယ်။
အကောင်းတွေချည်းပဲ ပြောပြီး အဆိုးတွေ မပြောတော့ လူထုကရှင်းရှင်းလင်းလင်း မသိရဘူး။ ခုလို
တွေ့ဆုံပွဲရဲ့ဆုံးဖြတ်ချက်က စီမံကိန်းကို အပြီးရပ်တန့်ဖို့နဲ့ တာလုံကျေးရွာတွေ လုံးဝပြောင်းရွှေ့မှု
မပြုနိုင်ဘူးဆိုတဲ့ အနေအထားကိုရောက်ရှိသွားစေခဲ့တာပါ။
ပြည်သူ့အစိုးရအနေဲ့ ပြည်သူ့ဆန္ဒကို အလေးထားခြင်းအားဖြင့် အနာဂတ်မှာ အကောင်းဆုံး နိုင်ငံတော်အဖြစ်
တည်ဆောက်နိုင်မှာဖြစ်ပါတယ်”ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်စင်က
ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
၎င်း အနေဖြင့်
ရေကာတာစီမံကိန်း ဘတ်ဂျက်ငွေများ အတည်ပြုခဲ့ခြင်းကို ဆန့်ကျင်ငြင်းဆိုခဲ့ပြီး ယင်းရေကာတာ
တည်ဆောက်မှုကြောင့် ထိခိုက်ပျက်စီးမည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများကိုလည်းကောင်း၊
ရေကာတာ ခိုင်ခန့်မှုကိုလည်းကောင်း စိုးရိမ်ရကြောင်းကို မကြာသေးမီက ဆောက်လုပ်ဆဲ ရေကာတာ ပြိုကျပျက်စီးမှု
ကြောင့် နမ္မတူမြစ်အနီးတစ်ဝိုက်တွင် ရေကြီးခဲ့ရသည်ကို ဓာတ်ပုံများနှင်တကွ လွှတ်တော်တွင်
တင်ပြခဲ့သော်လည်း ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို လျစ်လျူရှုသည့်အနေဖြင့် ဘတ်ဂျက် ၃
ဘီလျံ (အမေရိကန်ဒေါ်လာ ၂ သန်းခန့်) ချမှတ်ခြင်းကို ထောက်ခံမဲ ၅၀၁ မဲ၊ ကန့်ကွက်မဲ ၂၈
မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရေကာတာကြောင့်
လူဦးရေ ၆၃၅ ဦးနေထိုင်သော တာလုံရွာ ၂ ရွာအပြင် ဥယျဉ်ခြံမြေ ၆၃၇ ဧက၊ လယ်မြေ ၁၄၀ ဧကနှင့်
မရေမတွက်နိုင်သော တောင်ယာစိုက်ခင်းများ၊ ဘုရားပုထိုးစေတီများ၊ ဘုန်းကြီးကျောင်းများ
စာသင်ကျောင်း များ ရေလွှမ်းနစ်မြုပ်ခံရမည်ဖြစ်ပြီး စီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ခဲ့သော်လည်း
လူထုကို ၂၀၁၄ ခုနှစ် မှသာ တရားဝင်အသိပေးခဲ့ကြောင်း သိရသည်။
.
ယင်း စီမံကိန်းနှင့်ပတ်သက်၍
တာလုံရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နန်းလောင်ခမ်းမှ ”အခုလို လွှတ်တော်က ဆုံးဖြတ်လိုက်တာ
နဲ့ပတ်သက်ပြီး အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ သဘာဝသယံဇာတတွေ အားလုံး ဗဟိုထိန်းချုပ်မှု
အောက်မှာ ရှိနေခြင်းကလည်း ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ပဋိပက္ခတွေဖြစ်ပွားရခြင်းရဲ့
အဓိကအကြောင်းဖြစ်တယ်။ တကယ်လို့ အစိုးရက တိုင်းရင်းသားပြည်နယ်တွေရဲ့ သဘာဝသယံဇာတတွေကို
ဆက်ပြီး အမြတ်ထုတ်နေမယ်၊ ပြည်သူလူထုတွေရဲ့ ဆန္ဒတွေကို ဆက်လက်ဆန့်ကျင်နေမယ်ဆိုရင် ဒီပြဿနာ၊
ဒီပဋိပက္ခတွေက ဘယ်တော့မှ ပြီးဆုံး တော့မှာ မဟုတ်ပါဘူး”ဟု ၎င်း၏ သဘောထားအမြင်ကို ကမ္ဘောဇတိုင်းသို့
ပြောကြားခဲ့သည်။
.
လွှတ်တော်တွင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထွန်းနိုင်မှ အထက်ရဲရွာရေကာတာ တည်ဆောက်မှုနှင့်
ပတ်သက်ဆက်နွယ်သော ဥရောပအင်ဂျင်နီယာကုမ္ပဏီများ၏ အမည်ကိုပြောကြားခဲ့ရာ ဂျာမဏီနိုင်ငံမှ
Lahmeyer၊ ဆွစ်ဇာလန်မှ Stukey SA နှင့် ပြင်သစ်မှ
Joint Venture ENGIE များကိုပြောကြားခဲ့ပြီး Lahmeyer၊ ကုမ္ပဏီအား Tractebel ENGIE ကုမ္ပဏီ၏
ကုမ္ပဏီခွဲတစ်ခုဖြစ်သည်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိကြောင်း၊ အဆိုပါ Tractebel
ENGIE သည် လာအိုနိုင်ငံတွင် ဇူလိုင်လက ကျိုးပျက် ပေါက်ကွဲခဲ့သည့် ရေကာတာကို တည်ဆောက်ခဲ့သည့်
ကုမ္ပဏီဖြစ်ပြီး ယင်းဆည်ကျိုးမှုကြောင့် လူပေါင်းရာချီသေဆုံးကာ လူထောင်ပေါင်းများစွာ
အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ကို ပြောကြားခဲ့ခြင်းမရှိဟုလူထုကန့်ကွက် ထုတ်ပြန်စာတွင် ဖော်ပြပါရှိသည်။
.
“စစ်ပွဲဇုန်တွေကြားထဲမှာ
ရှိနေတဲ့ မြန်မာနိုင်ငံမှာ ရေကာတာ ရင်းနှီးမြှုပ်နှံမှုကို ရပ်တန့်ပေးဖို့ ပြည်ပနိုင်ငံတွေကို
တိုက်တွန်း တောင်းဆိုချင်ပါတယ်။ အခုလို ရင်းနှီးမြှုပ်နှံတာက ပဋိပက္ခတွေ ပိုမိုဖြစ်ပွားစေတဲ့အပြင်
ငြိမ်းချမ်းရေးရှာဖွေရာမှာ လဲ အားအင်တွေပိုမိုပြီးတော့ ယုတ်လျော့လာစေနိုင်ပါတယ်”ဟု
သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်း စန်းစန်းအေးက ပြောကြားသည်။
.
လက်ရှိတွင်
နိုင်ငံခြားကုမ္ပဏီများမှ အထက်ရဲရွာရေကာတာစီမံကိန်းကို ပြည်သူ့ဆန္ဒကို လျစ်လျူရှုကာ ဆက်လက်
လုပ်ဆောင်လျက်ရှိသလို နော်ဝေးအစိုးရပိုင် SN Power ကုမ္ပဏီမှလည်း နောင်ချိုမြို့နယ်တွင်
အလယ်ရဲရွာရေကာတာကို ထပ်မံတည်ဆောက်လျက်ရှိသည်ဟု လူထုဆန့်ကျင်မှုအစီရင်ခံစာထုတ်ပြန်ချက်တွင်ပါရှိခဲ့သည်။
.
အထက်ရဲရွာရေကာတာ
စီမံကိန်းမှာ တည်ဆောက်ဆဲဖြစ်ကာ စီမံကိန်းလုပ်ငန်းများ၏ ၃၃ ဒသမ ၇ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ် ပြီး ယင်းရေကာ
တာကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိမြို့ရွာများကို ရေကြီးမှုမှ လျော့ပါးစေမည်ဟု ပြည်ထောင်စု
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှ လွှတ်တော်တွင်ပြောကြားခဲ့ကြောင်း သိရသည်။
.
သီပေါမြို့ခံ
စိုင်းထမ်းအိုင်က သီပေါမြို့နှင့်အထက်ရဲရွာစီမံကိန်းမှာ မိုင် ၃၀ ခန့်သာဝေးကွာပြီး
သီပေါမြို့မှာ ပင်လယ်ရေပြင်အမြင့်ပေ ၁၃၉၈ ပေသာရှိပြီး ရေကာတာ၏အမြင့်မှာလည်း ၁၂၉၆ ပေအမြင့်ရှိမည်ဖြစ်သဖြင့်
အကယ်၍ ၃ မီတာခန့် ရေထုများလာပါက သီပေါမြို့နှင့် မန္တလေး-မူဆယ်ပြည်ထောင်စု စီးပွားဆက်သွယ်မှုလမ်းမကြီးကိုပါ
ထိခိုက်စေမည် ဖြစ်သည်ဟု သုံးသပ်ပြောကြားသည်။
.
အထက်ရဲရွာရေကာတာစီမံကိန်းပြီးစီးပါက
လျှပ်စစ်မဂ္ဂါဝပ် ၂၈၀ ထွက်ရှိမည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးတွင် အသုံးပြုနေ သည့် လျှပ်စစ်အား
နီးပါးမျှ အကျိုးရှိသည်ဟု ပြောကြားခဲ့ပြီး အဆိုပါစီမံကိန်းအတွက် လျာထားငွေ ကျပ်သန်း
ပေါင်း ၃၇၆၆၈ ရှိသည်ဟု ဒုဝန်ကြီးမှ လွှတ်တော်တွင် ပြောကြားသွားခဲ့သည်။
.
အဆိုပါလူထုတွေ့ဆုံပွဲသို့
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်းဝမ်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းသန့်စင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအေးတို့ တက်ရောက်ခဲ့ပြီး
သီပေါနှင့် ကျောက်မဲမြို့နယ် များရှိ ကျေးရွာ ၅၀ ကျော်မှ ပြည်သူလူထု ဦးရေ ၁၀၀၀ ကျော်
တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai
#Shan