မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ
သိမ်းဆည်းထားသည့် စားသုံးရန်မသင့်သောစားသောက်ကုန်များနှင့် သက်တမ်းလွန်အစားအစာများအား
အောက်တိုဘာလ ၁၀ ရက် နံက်ပိုင်းက မီးရှို့ဖျက်ဆီးခြင်းနှင့်
မြေမြုပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အောင်ပန်းမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။
.
.
“အဓိကတော့ ကျောင်းတွေက မုန့်ဈေးဆိုင်တွေမှာ ကလေးတွေကို ရောင်းချဖို့မသင့်လို့
သတ်မှတ်ထားတဲ့ အစား အသောက်တွေအပြင် ဈေးဆိုင်တွေက ရက်လွန်နေတဲ့စားသောက်ကုန်တွေ၊ ပြီးတော့
ဘာဖော်ပြချက်မပါတဲ့ ထုတ်ကုန်၊ လုံခြုံမှုမရှိတဲ့ စားသောက်ကုန်တွေကို သိမ်းဆည်းပြီး အများပြည်သူရှေ့မှာ
တချို့ကို မီးရှို့ဖျက်ဆီးပြီး တချို့ကို မြေမြုပ် ဖျက်ဆီးမှု ပြုလုပ်တာပါ`ဟု အောင်ပန်းမြို့၊
စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးမြင့်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ ဖျက်ဆီးခဲ့သည့် ကုန်ပစ္စည်းများတွင် ပင်လောင်း၊ ဖယ်ခုံ၊
ရွာငံ၊ ပင်းတယ၊ ကလော၊ အောင်ပန်းမြို့ များရှိ အခြေခံပညာကျောင်းများမှ မုန့်ဈေးတန်းများအတွင်း
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ အတွင်း ၂၇ ကြိမ်မျှ ရှာဖွေသိမ်းဆည်းထားသည့်
ဆိုးဆေးအရောင်တင်မှုန့်ပါသော အစားအသောက်များ၊ FDA မှ စားသုံးရန်မသင့်ဟု ကြေညာထားသည့်
ထိုင်းနိုင်ငံလုပ် ချယ်ရီသီးတံဆိပ်ပါ စားစရာများ၊ သက်တမ်းလွန် အချိုရည်၊ မုန့်မျိုးစုံနှင့်
အသားဘူးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ မုန့်ခြောက်များ၊
ထုတ်ကုန်လုံခြုံစိတ်ချမှု ဖော်ပြထားခြင်းမရှိသည့် ကြက်အူ ချောင်း ၊ အသားချောင်းများ
စုစုပါင်းတန်ဖိုး ၁၆၈၂၅၀ ကျပ် ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ မီးရှို့ဖျက်ဆီးမှုကို အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀ နာရီတွင်
အောင်ပန်းမြို့၊ ဟိုက်ဒြိုကွင်းတွင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေး၊ မီးသတ်၊ ဈေးသူ/ဈေးသားများအပါ ဌာနဆိုင်ရာများမှ လာရောက်လေ့လာကြည့်ရှုခဲ့ကြ
ကြောင်းသိရှိရသည်။
.
“ဈေးဧရိယာမှာဆိုတော့ ဈေးသူ/ဈေးသားတွေကို တစ်ပါတည်း ပညာပေးရာရောက်ပါတယ်။
လူထု သိသင့် သိထိုက်တာ ဖြစ်လို့ အန္တရာယ်ရှိအစားအသောက်တွေကို ပညာအသိမျှဝေပေးဖို့ ဒီထက်ပိုလိုအပ်ပါတယ်”ဟု အောင်ပန်းမြို့
မြို့မိမြို့ဖ ဦးသန်းအောင်က ဆိုသည်။
.
အောင်ပန်းမြို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းမှု၊
တိုင်ကြားမှုများ လက်ခံရရှိခြင်း မရှိသေးသော်လည်း ဈေးကွက်စစ်ဆေးခြင်း၊ ဈေးကွက်စောင့်ကြည့်လေ့လာခြင်း၊
ပညာပေးဟောပြောခြင်းများကို ပြုလုပ် လျက်ရှိပြီး ခရိုင်၏ လမ်းညွှန်ချက်များနှင့်အညီ စီမံချက်ဖြင့်
လုပ်ဆောင်လျက်ရှိကာ ကျောင်းများတွင် ဟောပြောပါက ဈေးရောင်းသူများကိုပါ တက်ရောက်နားထောင်စေကြောင်း၊
အဆိုပါကျောင်းမှ ရောင်းချရန်မသင့်သည့် အစားအသောက် များ တွေ့ရှိပါက ကျောင်းကျန်းမာရေးကော်မတီ
သို့မဟုတ် ကျောင်းဖွံ့ဖြိုးရေးကော်မတီများသို့ လွှဲအပ်ခဲ့ကာ ဈေးများတွင် တွေ့ရှိလျင်မူ
ဈေးကော်မတီများသို့ လည်းကောာင်း၊ ရပ်ကွက်အတွင်းဆိုင်များမှတွေ့ရှိလျှင် ရပ်ကွက်အလိုက်
အုပ်ချုပ်ရေးပိုင်းများသို့ စိစစ်ကြီးကြပ်နိုင်ရန် အပ်နှံခဲ့ကြောင်း၊ လုပ်ငန်းရှင်များ၊
မြို့ရွာ/ကျောင်းများအား အသိပညာ ပေးဟောပြောမှု စုစုပေါင်း ၃၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan