တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၌ မီးပုံးပျံအတွက် ယမ်းပြုလုပ်ရာမှတဆင့် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၌ မီးပုံးပျံအတွက် ယမ်းပြုလုပ်ရာမှတဆင့် မီးလောင်မှုဖြစ်ပွား


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ သားဖွားသင်တန်းကျောင်းဝင်းအတွင်းရှိ ၄ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၂ ထပ် RC အဆောက်အဦတွင် ယနေ့ အောက်တိုဘာလ ၄ ရက်၊ မွန်းလွဲပိုင်း အချိန်က မီးပုံးပျံအတွက် ယမ်းစနစ်တံ ပြုလုပ်ရာမှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
တောင်ကြီးမြို့၏ အထင်ကရပွဲတော်ဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အေးဆေးညမီးကြီး မီးပုံးပျံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုစိုးမြင့်မြတ် (ခ) ကျော်စွာဝင်းသည် အဆိုပါ ဝန်ထမ်းအိမ်ရာအတွင်း မီးပုံးပျံအတွက် စက္ကူယမ်းပြောင်းအတွင်းသို့ စနစ်တံ ထည့်ရန်အတွက် သံဆူးဖြင့် အပေါက်ဖောက်ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ကိုစိုးမြင့်မြတ် (ခ) ကျော်စွာဝင်းတွင် ညာလက်ချောင်းနှင့် ဝဲ/ယာခြေထောက် အနည်းငယ် မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ယမ်းပြုလုပ်သည့် ငွေမင်အနည်းငယ်နှင့် စက္ကူယမ်းပြောင်းများ မီးလောင်ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၅၀၀၀ ခန့်ရှိကြောင်း ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။
.
“မီးလောင်တာက သားဖွားသင်တန်းကျောင်း ဝန်ထမ်းရာမှာပါ။ အဲဒီမီးပုံးပျံအဖွဲ့က ယမ်းလုပ်နေတာပါ။ လုပ်နေ တဲ့သူကတော့ ခြေထောက်ထိသွားတယ်။ တခြား အဆောက်အဦတွေတော့ လောင်တာမရှိပါဘူး။ လှေကား အောက်ထဲမှာ လုပ်နေတာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ ပြည်နယ်ဦးစီးမှူး ဦးတင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အေးဆေးမီးပုံးပျံအဖွဲ့ခေါင်းဆောင် ကိုစိုးမြင့်မြတ် (ခ) ကျော်စွာဝင်း အား တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

.
#KBZTai #Shan

Journal Download

Photo of three cats