လင်းခေးမြို့တွင် နမ့်တိန်းချောင်းရေ မြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ရေ၀င် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လင်းခေးမြို့တွင် နမ့်တိန်းချောင်းရေ မြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ရေ၀င်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့အား ဖြတ်သန်းစီးဆင်းနေ သည့် နမ့်တိန်းချောင်းရေ မြင့်တက်ခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်အချို့ရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.
.
ယခုအခါ တောင်ကျချောင်းများရေကျနှေးသွားသဖြင့် ရေကြီးမှု လျော့ကျလာသော်လည်း ပျက်စီးမှုအတိုင်းအတာများကိုမူ ရေကျပြီးမှသာ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း လင်းခေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက အောက်တိုဘာ ၁၂ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
“မိုးဆက်တိုက်ရွာသွန်းတာကြောင့် တရိပ်ရိပ်နဲ့ တောင်ကျရေကျပြီး နမ့်တိန်းချောင်းရေကြီးလာတာ ၁၀ ရက်ဝန်းကျင် တောင်ရှိပါပြီ။ အခုတော့ ရေကျတာ ၁ ပေလောက်ပဲရှိသေးတယ်။ လမ်းတွေ မြေပြိုတာတွေက ၀မ်ဟတ်၊ ဟိုမိန်းဘက်မှာ ဖြစ်တော့ နားဆိုင်းလမ်းဘက်ကနေ လမ်းလွှဲအသုံးပြုနေကြပါတယ်။ ပျက်စီးမှုအတိုင်းအတာနဲ့ ပြင်ဆင်မှုကတော့ ရေလုံးဝကျပြီးမှဘဲ လုပ်နိုင်ကြမှာပါ”ဟု ဦးစိုင်းလုံက ဆိုသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်မှ စတင်၍ ဆက်တိုက်နီးပါး ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျရေများကျဆင်းကာ နမ့်တိန်းချောင်းရေ မြင့်တက်လာသဖြင့် ချောင်းနဘေး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဈေးတန်း၊ ကံသာ (ဝမ်မပျဉ်း) ရပ်ကွက်များရှိ နေအိမ်အချို့ ရေဝင်ရောက်မှုရှိနေခဲ့ကြောင်း ဒေသခံများထံက သိရသည်။
.
“အနိမ့်ပိုင်းကျတော့ ရေ၀င်ပေမဲ့ ပြောင်းရွှေ့ရလောက်အောင် မဖြစ်ပါဘူး။ ဒါပေမယ့် ညပိုင်းမှာရေတက်လာရင် မသိမှာ စိုးရိမ်တာတော့ရှိတယ်။ ခုထိတော့ ခြံဝင်းထဲရေတွေပြည့်နေတာပါပဲ”ဟု လင်းခေးမြို့၊ ကံသာရပ်ကွက်နေ ဒေါ်နန်းစုက ပြောသည်။
.
အလားတူ လင်းခေး-မိုင်းပန်ကားလမ်းဘေးတွင် အိမ်ဆောက်ပစ္စည်းများရောင်းချနေသည့် ဦးဇော်မိုးနိုင်ကလည်း “ရေတော့ကျလာပါပြီ။ မြို့ကိုတော့ သိပ်မထိခိုက်ပေမဲ့ ၀မ်ဟတ်ဘက်မှာတော့ ရေတော်တော်များပါတယ်။ မိုးမရွာရင်တော့ ရေကျသွားမှာပါ`ဟု ဆိုသည်။
.
အောက်တိုဘာလ ၄ ရက်မှစတင်ကာ နမ့်တိန်းချောင်းရေ မြင့်တက်မှုကြောင့် လင်းခေးမြို့နယ်၊ ၀မ်စလောင်း၊ ၀မ်ဟတ်၊ ၀မ်တိန်း၊ မအွန်လောင်း၊ နားကုန်းကျေးရွာများတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်ခြေ ၁၅ လုံးခန့် ရေမြုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဦးဇော်မိုးနိုင်က ဆိုသည်။
.
“တောင်ကျရေက ကန်ထဲကို ရောက်လာပါတယ်။ အဲဒီမှာ ကန်ရေ တက်လာတာပါ။ အဲဒီလောက်ကြီးတော့ မများပါဘူး။ ရေက ဒူးလောက်၊ ပေါင်လောက်ပဲ ရှိတာပါ။ နားကုန်းနဲ့ ခွန်အွတ် ၂ ရွာမှာတော့ ရေဝင်တာ အိမ်ခြေ ၃၀/၄၀ လောက်တော့ ရှိမယ် ထင်ပါတယ်။ ကျွန်တော်တို့ရွာကတော့ ကန်ရေ လျှံတာနဲ့ နန်းတိန်းချာင်း ရေတက်လာတာ ၂ ခုပေါင်းပြီးတော့ ရေကြီးလာတာပါ”ဟု လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာ ဒေသခံ စိုင်းကူကူးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ မကြာမီက အငြိမ်းစားယူခဲ့သည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစံဝေ က လင်းခေးမြို့နမ့်တိန်ချောင်းရေကြီးမှုကြောင့် ကျိုင်းတောင်းဆည် ကျိုးပေါက်နိုင်သည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလာမှုနှင့် ပတ်သက်၍ ၎င်းအနေဖြင့် ကိုယ်တိုင်လုပ်ခဲ့သည့် စီမံကိန်းဖြစ်သဖြင့် သတင်းများတွင်ပါရှိသလို ဆည် ကျိုးကျမည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ နမ့်တိန်းချောင်းပေါ်တွင် တည်ဆောက်ဆဲ အထက်ကျိုင်းတောင်းဆည်သာရှိပြီး ရေသိုလှောင်ခြင်းမရှိသေးကြောင်း၊ ချောင်းရေကို ရေလွှဲပြွန်မှ ရေလွှဲထားပြီး ရေစီးကိုထိန်းပေးထားသည့် အခြေအနေ ရှိကြောင်း၊ ဆည်ပြီးသွားလျှင်လည်း ရေမကြီးရန် ထိန်းနိုင်မည်ဖြစ်ကြောင်း၊ လာမည့် ၂ နှစ်၊ ၃ နှစ်မှသာ ဆည်ပြီးစီးမည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၅၁ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကြောင်း၊ ယခုနမ့်တိန်းချောင်းရေကြီးနေခြင်းမှာ သဘာဝအတိုင်း မိုးများသဖြင့် ရေကြီးခြင်းသာဖြစ်သဖြင့် ဖောက်ချစရာ ဆည်မရှိသေးကြောင်း ပြောကြားသည်။
.
လင်းခေးမြို့မှာ နွေရာသီတွင် အပူချိန်မြင့်မားသဖြင့် ရှမ်းအညာမြို့ဟု ဒေသခံအချို့ကခေါ်တွင်ကြပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၉၉၆ ပေတွင် တည်ရှိသည်။
.
လင်းခေးခရိုင်ကို လင်းခေး၊ မိုးနဲ၊ မောက်မယ်နှင့် မိုင်းပန် ၄ မြို့နယ်နှင့် ဟိုမိန်း၊ ကျိုင်းတောင်းမြို့များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ခရိုင် လူဦးရေ ၁၃၉၀၀၀ ကျော်ရှိကြောင်း  ၂၀၁၄ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ သိရှိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats