ကျိုင်းတုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မရဲစခန်းအုတ်တံတိုင်း ပြိုကျပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မရဲစခန်းအုတ်တံတိုင်း ပြိုကျပျက်စီး



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့ အောက်တိုဘာလ ၁ ရက်၊ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့်  မြို့ပေါ်ရပ်ကွက်အချို့နှင့် မြို့သစ်ရှိ မြေနိမ့်လမ်းများပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ကျိုင်းတုံ-တာချီလိတ် လမ်းဘေးရှိ ကျိုင်းတုံမြို့မရဲစခန်း အုတ်တံတိုင်းနံရံ ပြိုကျပျက်စီးခြင်းနှင့် ဆက်သွယ်ရေးရုံးဝင်းအတွင်း မြေသားပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
.
မိုးရွာသွန်းချိန်မှာ မကြာမြင့်ခဲ့သော်လည်း ရွာသွန်းသည့်မိုး သည်းထန်မှုကြောင့် မြေနိမ့်ပိုင်းရှိ လမ်းများနှင့် လူနေ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ကျောင်းဆင်းချိန်၊ ရုံးဆင်းချိန်ဖြစ်၍ ဝန်မ်းများ၊ ကျောင်းသား/သူ များနှင့် ကျောင်းသားမိဘများအတွက် သွားရေးလာရေး အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
.
“ရဲစခန်းဝင်းနံရံ ပြိုကျတဲ့နေရာမှာ ယာဉ်အသွားအလာ ပွင့်အောင် ဌာနပိုင်ယာဉ်တွေနဲ့ ချက်ခြင်း လုပ်ဆောင်ခဲ့ပေမဲ့ မိုးမပြတ်တော့ လမ်းခဏ ပိတ်ထားခဲ့ရတာ ရှိပါတယ်။ ကြေးနန်းနဲ့ ဆက်သွယ်ရေးရုံး မြေသားနံရံ ပြိုတာကိုလည်း ဖယ်ရှားပြီးဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့နယ် လမ်းဦးစီးဌာန (မြို့ပြ)အင်ဂျင်နီာယမှူး ဦးအောင်ထွန်းဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ရဲစခန်းဝင်းအား ကာရံထားသည့် အုတ်တံတိုင်းနံရံမှာ တာချီလိတ်လမ်းမဘေး အောက်ခြေမှ အမြင့် ၁၅ ပေခန့် ရှိပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အုတ်တံတိုင်းအရှည် ပေ ၄၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့သည် မြေနိမ့်ချိုင့်ဝှမ်းလွင်ပြင်အတွင်း တည်ရှိပြီး မြို့၏ ပတ်လည်တွင် ပန်ကွဲတောင်၊ လွိုင်မွေတောင်၊ ရင်ကွဲတောင်၊ ခွေးတမော့တောင်တန်းများ တည်ရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းပါက တောင်ကျချောင်းရေများ စီးဆင်းကာ မြို့တွင်းရှိ မြေနိမ့်ပိုင်း လူနေရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်လေ့ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats