ကမ္ဘောဇတိုင်း
.
စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
တစ်ခုမှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အထွက် နမ့်အွန်နှင့် မန်ပြိန်းရွာအနီးတွင်
ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား ဆက် ကြေးကောက်ခံမှုများ ပြုလုပ်နေသည်ဟူသော
သတင်းများ ထွက်ပေါ်လာပါသည်။ ထို့အတူ ယင်းဆက်ကြေးကောက် ရာ နေရာသို့ ရောက်ရှိလာခဲ့သည့်
ပြည်သူ့စစ် တစ်ဦးကိုလည်း လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးကာ လက်နောက် ပြန် ကြိုးတုပ်ထားသည့်
ဓာတ်ပုံများလည်း လူမှုကွန်ရက်တွင် ပျံ့နှံလာပါသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ယင်းကဲ့သို့ ဖြစ်စဉ်များမှာ မကြာခဏ
ဖြစ်ပွားလျက်ရှိနေခြင်းလည်း ဖြစ်ပါ သည်။ နယ်ချဲ့အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရယူခဲ့သည့်
အချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။ တိုက်ပွဲများ
ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းခံကို လေ့လာကြည့်ရာတွင် တိုင်းရင်းသား လူမျိုး ရေးဆိုင်ရာ
ကိုယ်ပိုင်ပြဌာန်းခွင့် အပေါ်တွင် အခြေခံထားကြသည်ကို တွေ့ရပါသည်။
၁၉၄၇ ခုနှစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်
ထိုစဉ်က တိုင်းရင်းသားခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တွင် တိုင်းရင်းသားများအတွက်
ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအချို့ကို ထည့်သွင်းချုပ် ဆိုခဲ့သော်လည်း ၁၉၄၈ ခုနှစ်၊
လွတ်လပ်ရေး ရယူချိန်တွင် နိုင်ငံ့အာဏာကို ရယူအုပ်ချုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ သည်
ယင်းအခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးများ ဖြစ်ပေါ်လာခဲ့ရသည်။
.
တစ်ဖန် ဖက်ဒရယ်အရေးအတွက် နိုင်ငံ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ
ဆွေးနွေးကြမည့် အချိန်တွင် ပြည်ထောင်စုပြိုကွဲတော့မည့် အရေးနှင့် ရင်ဆိုင်နေရသည်ဟု
ဆိုကာ စစ်အာဏာသိမ်းခြင်းကို ကြုံခဲ့ရ သည်။ တော်လှန်ရေးကောင်စီခေါ် အာဏာသိမ်း စစ်အစိုးရလက်ထက်တွင်
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း
အောင်မြင်မှု မရှိဘဲ အဆုံးသတ်ခဲ့ရသည်။
.
တစ်ဖန် နဝတ၊ နအဖ အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်
ငြိမ်းချမ်းရေး တည်ဆောက်သည့် လုပ်ငန်းစဉ်အဖြစ် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည်။
နဝတ၊ နအဖ အစိုးရလက် ထက် တစ်လျှောက်လုံးတွင် အကျိုးစီးပွား ဖန်တီးပေးခြင်းမှအပ မည်သည့်
နိုင်ငံရေးဆွေးနွေးပွဲမျှ အောင်အောင်မြင် မြင် မဆောင်ရွက်နိုင်ခဲ့ချေ။
.
ယင်းကဲ့သို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများအနက် ယခုချိန်အထိ ပြည်သူ့စစ်အဖြစ် ရပ်တည်ကာ ဥပဒေဘောင်အတွင်း နေထိုင်နေသော
အဖွဲ့အစည်းများ ရှိသကဲ့သို့ သမ္မတ ဦးသိန်းစိန် အစိုးရ တက်စအချိန်တွင် နယ်ခြားစောင့်တပ်
ဖွဲ့စည်းရေးကို အကြောင်းပြု၍ တိုက်ပွဲများပြန် လည် ဖြစ်ပွားနေသည့် အဖွဲ့အစည်းများလည်း
ရှိနေသည်။
.
အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများ
ရှိသကဲ့သို့ မတူညီသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင်လည်း ထိတွေ့တိုက်ပွဲများ
ဖြစ်ပွားလာသည်။ ယင်း၏ အကျိုးဆက်အဖြစ် အပြစ်မဲ့ ပြည်သူများ၊ ဒေသခံ တိုင်းရင်းသားများသာ
ထိခိုက်ခံစားကြရသည်။
.
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မူလရည်ရွယ်ချက်ဖြစ်သော တိုင်းရင်းသား
အခွင့်အရေး တန်းတူညီ မျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည်တို့နှင့် လားလားမျှ မသက်ဆိုင်သော
အကြမ်းဖက်မှု အသွင်ကို ဆောင်လာသည်။ ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဒေသခံ
တိုင်းရင်းသားများမှာ တိုင်းရင်းသား အခွင့်အရေးဆိုတာ မသိ၊ နီးရာဓား ကြောက်နေရသည်။ ဆက်ကြေးတောင်းလည်း
ပေးရရုံသာ ရှိသည်။ ဆန်တောင်းလည်း ပေးရုံသာရှိသည်။ ဆီတောင်းလည်း ပေးရုံသာရှိသည်။ လူတောင်းလည်း
ပေးရုံသာ ရှိသည်။ လူနှင့် တူတန်သော လူ့အခွင့်အရေးကို ပင် သူတို့တွင် မရရှိကြချေ။
.
သို့ဖြစ်ရာ လက်နက်ကိုင် လမ်းစဉ်သည် တိုင်းရင်းသားအရေးအတွက် မည်သို့မျှ
ခရီးမပေါက်နိုင်ဘဲ အကြမ်းဖက် ဝါဒဆီကိုသာ ရောက်ရှိစေမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး
သိရှိနားလည်ကြရန် လိုအပ်လာပြီ ဖြစ်ပါသည်။ အကြမ်းဖက် ဝါဒဆီ မရောက်ရှိနိုင်ဖို့ လက်ရှိလမ်းစဉ်ကို
ပြန်လည်သုံးသပ်ရန် အချိန်အခါ တစ်ခုကို ရောက်ရှိနေပြီလည်း ဖြစ်ပါတော့သည်။
.
.
.
#KBZTai #Shan