တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကန်ထရိုက်လေလံအား ငွေကျပ်သိန်းပေါင်း ၃၀၀၀ ကျော်ဖြင့် ရောင်းချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကန်ထရိုက်လေလံအား ငွေကျပ်သိန်းပေါင်း ၃၀၀၀ ကျော်ဖြင့် ရောင်းချ



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ဈေး ဆိုင်ခန်းနှင့် အထွေထွေ လေလံများကို ငွေကျပ် ၃၄၃၆  ဒသမ ၃ သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
.
.
၂၀၁၈ ခုနှစ် တန်ဆောင်တိုင် ကျင်းပရေး အခမ်းအနားကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အိတ်ပိတ်ဈေးပြိုင်တင်ဒါဖွင့်ပွဲတွင်  ပျံကျဈေးကောက်လုပ်ငန်းအတွက် လုပ်ငန်းရှင် ၅ ဦး၊ ယာဉ် ရပ်နားစခန်းလုပ်ငန်း (၁) အတွက် ၅ ဦး၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း (၂) အတွက် လုပ်ငန်းရှင် ၅ ဦး၊ ယာဉ်ရပ်နား စခန်းလုပ်ငန်း (၃) အတွက်  ၃ ဦး၊ ဈေးဆိုင်ခန်းများ အရောင်းပြခန်းများ ချားရဟတ်နှင့် ကလေးကစားကွင်း လုပ်ငန်းများအတွက် လုပ်ငန်းရှင် ၆ ဦးတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
.
"ဒီနှစ် တင်ဒါပွဲကတော့ အေးအေးဆေးဆေး ပြီးသွားတယ်။ တင်ဒါရရှိတဲ့သူ လူပုဂ္ဂိုလ်အနေနဲ့ ၃ ယောက် နာမည်စာရင်း ပေါက်သွားတယ်။ အရင်နှစ်နဲ့ မတူဘူး။ အရင်နှစ်ကဆို အားလုံးကို ပေါင်းပြီးမှ တင်ဒါ တစ်ခုတည်း ခေါ်လိုက်တယ်။ ဒီနှစ်မှာတော့ ယာဉ်ရပ်နားဖို့ဆိုရင်လည်း ၃ ခု ခွဲလိုက်တယ်။ ပျံကျဈေးသည်အတွက် တစ်ခု၊ ဆိုင်ခန်းတွေအတွက် တစ်ခုစီ တင်ဒါ ခေါ်လိုက်တယ်။ စည်းကမ်းချက်တွေလည်း နည်းနည်းပြင်ထားတယ်။ လုံခြုံရေးအနေနဲ့ဆိုရင်လည်း ရဲ၊ စည်ပင် တခြားဌာနဆိုင်ရာတွေကို ပွဲခင်းထဲ ပတ်ကြည့်ခိုင်းထားတယ်။ ဒီနှစ်မှာ ယာဉ်ရပ်နားခတွေ သတ်မှတ်ထားတာထက် ပိုကောက်ရင် ကျွန်တော်တို့ ချက်ခြင်း အရေးယူမှာပါ" ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲ အိတ်ပိတ်ဈေးပြိုင်တင်ဒါ စည်းကမ်းချက်များ အနေဖြင့် လုပ်ငန်းဆောင်ရွက် ရာတွင် တင်ဒါအောင်မြင်ရရှိသူမှတပါး အခြားသော တစ်ဆင့်ခံ ကန်ထရိုက်ဖြင့် ပြန်လည်ရောင်းချခြင်းများ မပြုရန်၊ တင်ဒါရရှိသူများသည် ပွဲတော်ကျင်းပနေစဉ်နှင့် ပွဲတော်ကျင်းပပြီးစီးချိန်များတွင် သတ်မှတ်ပွဲခင်းနေရာများ၌ သန့်ရှင်း ရေးကို တာဝန်ယူ ဆောင်ရွက်ရရန်၊ ပျံကျဈေးကောက်လုပ်ငန်းအတွက် သတ်မှတ်ထားသော ဧရိယာအတွင်းသာ ဆောင်ရွက်ရန်၊ ဆိုင်ခန်းများ လုံးဝ ဆောက်လုပ်ခြင်း မပြုရန်၊ တောင်ကြီး-ကျောက်တလုံး လမ်းမကြီးတစ်လျှောက် ဆိုင်ခန်းများ ဆောက်လုပ်ရာတွင် ကွန်ကရစ်လမ်း နယ်နိမိတ်မှ အနောက်ဘက် ၆ ပေခွာ၍ ဆိုင်ခန်းများ ဆောက်လုပ်ရန်၊ ကဲလားနှင့် အဖီချထားခြင်းများအား လမ်းမပေါ်သို့ မရောက်ရှိစေရန် စသည်တို့ကို သတ်မှတ် ထားကြောင်း သိရသည်။
.
ထို့အပြင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ရပ်နားစခန်း လုပ်ငန်းအတွက် မော်တော်ဆိုင်ကယ် ရပ်နားခ တစ်စီးလျှင် ငွေ ၁၀၀၀ ကျပ် နှုန်းထက် ပိုမို ကောက်ခံ ခြင်းမပြုရန်၊ မော်တော်ယာဉ် ရပ်နားခ တစ်စီးလျှင် ငွေ ၃၀၀၀ ကျပ် နှုန်းထက် ပိုမို ကောက်ခံခြင်းများ မပြုလုပ်ရန်နှင့် လာရောက်အပ်နှံထားသော ယာဉ်များ ပျက်စီး ပျောက်ဆုံးခဲ့ပါက မော်တော်ဆိုင်ကယ် မော်တော်ယာဉ် ရပ်နားခွင့် တင်ဒါရရှိသူအနေဖြင့် ကာလတန်ဖိုးနှင့်အညီ ပေးလျော်ရ စသည့် စည်းကမ်းချက်များကို သတ်မှတ်ထားကြောင်း သိရသည်။
.
"ဈေးဆိုင်တွေပေါ်မှာ မူတည်ပြီးတော့ ကောက်ရမှာ ဖြစ်တယ်။ နိမ့်ရင် နိမ့်သလို မြင့်ရင် မြင့်သလိုပေါ့။ ဆိုင်ခန်းတွေကို ဘယ်လောက်ဈေးနှုန်းနဲ့ ကောက်သွားမယ်ဆိုတာတော့ ပြောလို့ မရသေးဘူး။  ကိုယ့်အတွက်လည်း သက်သာစေ ပြည်သူလူထုအတွက်လည်း သက်သာစေပေါ့။ ဘာလို့လဲဆိုတော့ ကြမ်းခင်းဈေးက မြောက်တယ်လေ။ အခုလက်ရှိ ကျွန်မတို့အနေနဲ့ သိန်း ၉၀၀ လောက် ရှုံးနေပါပြီ။ မီးပုံးပျံကွင်း တစ်ကွင်းလုံးကိုမှ ကြမ်းခင်းဈေးက သိန်း ၂၈၀၀ လောက်ဘဲ ရှိတယ်" ဟု တင်ဒါ အများဆုံး အောင်မြင်ထားသည့် ဒေါ်စန်းစန်းမြင့်က ပြောသည်။
.
ယင်းသို့ လေလံရောင်းချရာတွင် ယာဉ်ရပ်နားစခန်းလုပ်ငန်း (၁) အတွက်  ငွေကျပ် ၁၀၅ သိန်း၊ ယာဉ် ရပ်နားစခန်းလုပ်ငန်း (၂) အတွက် ငွေကျပ် ၁၀၇ သိန်းနှင့် ယာဉ်ရပ်နားစခန်း (၃) အတွက် ငွေကျပ် ၁၀၃ ဖြင့်  ဦးဆန်းမောင်မှ လည်းကောင်း၊ ပျံကျဈေးကောက်လုပ်ငန်းအတွက် ငွေကျပ် ၂၅၀ ဒသမ ၃ သိန်းဖြင့် ဒေါ်အိဖြိုးဦးမှ  လည်းကောင်း၊ ဈေးဆိုင်ခန်းများ၊ အရောင်းပြခန်းများ၊ ချားရဟတ်နှင့် ကလေးကစားကွင်း လုပ်ငန်းများအတွက် ငွေကျပ် ၂၈၇၁ သိန်းဖြင့် ဒေါ်စန်းစန်းမြင့်မှ လည်းကောင်း အသီးသီး တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။
.
ယခင်နှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ယာဉ်ရပ်နားခများအား သတ်မှတ်နှုန်ထားထက် ပိုမို ကောက်ခံခြင်းများရှိခဲ့ပြီး ယခုနှစ်တွင် သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats