ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာတွင် အမျိုးသမီး ၁ ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာတွင် အမျိုးသမီး ၁ ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သစ်အယ်ပင်ရွာတွင် အောက်တိုဘာလ ၁၁ ရက်မွန်းလွဲ ပိုင်းက နွားစားကျက်မြေကွက်တွင် ပေါက်နေသည့် ညောင်ဖြူပင်တွင် အမျိုးသမီး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပင်းတယမြို့မရဲစခန်းမှ သိရသည်။
.
.
“ဘာအကြောင်းဆိုတာတော့ မိသားစုကိုမေးမြန်းနေဆဲပါ။ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်ကိုတော့စစ်ဆေး နေပါတယ်”ဟု ပင်းတယရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက ပြောကြားသည်။
.
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၁ရက် မွန်းလွဲ ၁နာရီခန့်တွင် ပင်းတယမြို့နယ်၊သစ်အယ်ပင်ကျေးရွာအုပ်စု၊ သစ်အယ်ပင် ရွာတွင် ကျေးရွာမှမြောက်ဘက် ၃ ဖာလုံခန့်အကွာ နွားစားကျက်မြေကွက်လပ်တွင်ပေါက်နေသည့် ညောင်ဖြူပင်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ စခန်းမှတာဝန်ရှိသူများမှ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာအဆိုပါရွာနေ ဒေါ်ထွေးမ (ခ)ဒေါ်ခင်ထွေး (၄၉)နှစ်ဖြစ်ပြီး အရှည် ၃ ပေခွဲခန့်ရှိ အပြာရောင်နိုင်လွန်ကြိုးနှင့် ညောင်ဖြူပင်မှ အမြင့် ၈ ပေခန့်ရှိကိုင်းတွင် လည်ပင်းကြိုးကွင်းစွပ်ဖြင့်သေဆုံးလျက်ရှိနေပြီး သေသူ၏ဘေးတွင် လက်ဖက်ခူးသည့် ပလိုင်းတစ်လုံးကိုတွေ့ရပြီး၊ လည်ပင်းတွင်ကြိုးကွင်းဒဏ်ရာ၊ လက်များဖြင့်ကုတ် ခြစ်သည့်ဒဏ်ရာများသာတွေ့ရပြီး အခြားဒဏ်ရာများမတွေ့ရဘဲသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းကို ပင်း တယဆေးရုံသို့မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ခင်ပွန်းဖြစ်သူကို မေးမြန်းရာတွင် ၄င်းတို့ မိသားစုအနေဖြင့် စီးပွားရေးနှင့် စားဝတ်နေရေး အဆင်မပြေကြောင်း၊ သေသူသည် အိမ်မှ နံနက် ၆ နာရီတွင် ပလိုင်းတောင်းလွယ်၍ မိသားစုများအား စကားမပြောဘဲ ထွက်သွားကြောင်း မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တစ်ရွာတည်းနေသူတစ်ဦးမှ ဒေါ်ထွေးမသေဆုံးနေသည်ကို စတင်တွေ့ရှိရသဖြင့် တာဝန်ရှိသူများသို့အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဒေါ်ထွေးမ သေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ပင်းတယမြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ် စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats