ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
မြန်မာကုန်သွယ်မှု မြှ့င်တင်ရေးအဖွဲ့နှင့် Ferix Hub Exibition ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသော
အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး
အားကစားရုံတွင် အောက်တိုဘာလ ၅ ရက်မှ ၈ ရက် အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိကြောင်း
သိရသည်။
.
.
အဆိုပါ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ
၅ ရက်၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က အမှာစကား
ပြောကြားပေးခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်၊
မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် သံရုံးကိုယ်စားလှယ်တစ်ဦးတို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။
''ဒီပွဲလုပ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ မေလတုန်းက
တရုတ်-မြန်မာကုန်စည်ပြပွဲဆိုပြီးတော့ ရန်ကုန်မြို့မှာ ပြုလုပ် ကျင်းပခဲ့ပါတယ်။ အဲဒီပွဲ
ပြီးတဲ့အချိန်မှာ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးက ကျွန်တော်တို့ကို ခေါ်တွေ့ ပြီးတော့
ရှမ်းပြည်နယ်မှာ နိုင်ငံတကာအဆင့် ပွဲလေး လုပ်ချင်တယ်ဆိုပြီး ပြောပါတယ်။ ဒါနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့
တိုင်ပင်ပြီးတော့ ဒီပွဲလေး လုပ်ဖြစ်သွားတာပါ။ ပြင်ဆင်ချိန် သိပ်မရခဲ့တာရယ်၊ ပထမဆုံး
လုပ်တာရယ်ဆိုတော့ အခက်အခဲတွေ၊ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အကောင်းဆုံး
ကြိုးစားပြီး လုပ်ဆောင်ထားပါတယ်။ ဒီပွဲက ရှမ်းပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံးမှာ
ပထမဆုံး လုပ်တဲ့ပွဲလို့ ပြောလို့ရပါတယ်။ အင်မတန်မှ ဂုဏ်ယူစရာ ကောင်းပါတယ်”ဟု မြန်မာကုန်သွယ်မှု
မြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးလမ်းကြောင်းတစ်ခု
ဖန်တီးပေးရန်၊ စီးပွားရေး ကွန်ရက် ချဲ့ထွင်နိုင်ရန်၊ ရှမ်းပြည်နယ်အတွင်း ကုန်သွယ်မှု
မြင့်မားတိုးတက်လာစေရန်၊ ထုတ်ကုန်ပစ္စည်း များ ဈေးကွက်ရရှိလာစေရေးအတွက် လုပ်ငန်းရှင်များအချင်းချင်း
ချစ်ကြည်ရင်းနှီးစွာ ပညာဖလှယ်နိုင်စေရန်၊ ထုတ် ကုန်ပစ္စည်းများအား ပြည်တွင်း/ပြည်ပဈေးကွက်သို့
တင်ပို့နိုင်စေရန်နှင့် အလားအလာရှိသည့် ပို့ကုန်အမယ်သစ်များ ပေါ်ထွက်လာစေရန် တို့အတွက်
ရည်ရွယ်၍ အဆိုပါ ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းမှ ဆက် လက်ပြောကြားခဲ့သည်။
.
အဆိုပါကုန်စည်ပြပွဲတွင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအပြင်
ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံများမှ ထုတ်လုပ်သည့်
အရည်အသွေးမြင့် ကုန်အမှတ်တံဆိပ်များကို တစ်ပေါင်းတစ်စည်းထဲ ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး
လယ်ယာထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်နှင့် အဖျော်ယမကာများ၊ အဝတ်အထည်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊
ကျောက်မျက်ရတနာနှင့် အလှဆင်ပစ္စည်းများ၊ တိုင်းရင်းဆေး ပစ္စည်းများ၊ စက္ကူနှင့် စာရေးကိရိယာများ၊
GPS နှင့် ဆက်စပ်ပစ္စည်းများ၊ ရှမ်းပြည်နယ်ထွက်ကုန်ပစ္စည်းများ စသည်တို့ကို အခန်းပေါင်း
၉၀ ကျော်ဖြင့် ခင်းကျင်းပြသ ရောင်းချလျက်ရှိ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan