စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ အောင်မြေလမ်းတွင် ယနေ့
အောက်တိုဘာလ ၉ ရက် ညနေပိုင်းက လမ်းလျှောက်နေသူအား မော်တော်ယာဉ်ဖြင့် အရှိန်မထိန်းနိုင်ဘဲ
နောက်မှ ဝင်တိုက်မိရာမှ လမ်းလျှောက် နေသော အမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
ယာဉ်မောင်း ဦးမာမတ်(ခ) ဦးစောမောင် မောင်းနှင်လာသော ယာဉ်သည် ကံသာရပ်ကွက်
အောင်မြေလမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ
လမ်းလျှောက်နေသော အမျိုးသမီး တစ်ဦးအား ဝင်တိုက်ခဲ့ပြီး ထပ်မံ၍ လမ်းဘေးတွင် ရပ်ထားသော
ဆိုင်ကယ်နှင့် အနီးရှိ အိမ်ဝင်းတံခါးအား ထပ်ဆင့် တိုက်မိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အမှုဖွင့် ထားပါတယ်။ တိုက်တဲ့သူကို အရေးယူဆောင်ရွက်သွားဖို့
လုပ်ဆောင်နေပါတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်သွားမှာပါ။ သေဆုံးသွားတဲ့သူကိုတော့
စဝ်စံထွန်းဆေးရုံမှာ ရင်ခွဲ စစ်ဆေးသွားပါမယ်" ဟု တောင်ကြီးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ကျော်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ဝင်ရောက်တိုက်မိမှုကြောင့် မော်တော်ယာဉ် မောင်းနှင်လာသူ
ဦးမာမတ်(ခ) ဦးစောမောင်တွင် ရင်ဘက်အောင့်ဒဏ်ရာ (အမောဖောက်) (အတွင်းလူနာ/စိုးရိမ်ရ)
ရရှိခဲ့ပြီး လမ်းလျှောက်လာသူမှာ ဝဲတံတောင်ပွန်း ဝဲလက်ကောက်ဝတ်ပြတ်ရှ ဝမ်းဗိုက်ဖူးရောင်ဒဏ်ရာများ
ရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့သဖြင့် ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့အား စဝ်စံထွန်းဆေးရုံသို့
ပို့ဆောင်ခဲ့ကာ သေဆုံးသူအား ရင်ခွဲစစ်ဆေး သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့မရဲစခန်းမှ
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ မငယ်(ခ) မစန္ဒာဝင်းဖြစ်ပြီး အသက်
၄၁ နှစ် အရွယ်ရှိကြောင်း တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။
.
သို့ဖြစ်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးမာမတ်(ခ) ဦးစောမောင်အား
တောင်ကြီးမြို့မရဲစခန်း ယာဉ်(ပ) ၂၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉/၃၃၇/ ၃၃၈/ ၃၀၄ (က)
အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။
.
.
.
#KBZTai #Shan