မေသူဇော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီရေပူ အမြဲတန်းစစ်ဆေးရေးစခန်းအနီး၊
မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၉၃/၆ နှင့် မိုင်တိုင်အမှတ်
၁၉၅/၆ အနီး ပိတ်းဆာကျေးရွာဘောလုံးကွင်းအတွင်း တရားမဝင်သစ်များ တင်ဆောင်လာသော မော်တော်ယာဉ်
၁၁ စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါမော်တော်ယာဉ်များအား နံနက် ၁၀ နာရီအချိန်ခန့်က ပြည်ထောင်စုလမ်းမကြီး
မိုင်တိုင်အမှတ် ၁၉၃/၆ အနီးတွင် ယာဉ် ၅ စီးနှင့် မိုင်တိုင် အမှတ် ၁၉၅/၆ အနီး ပိန်းဆာကျေးရွာ
ဘောလုံးကွင်းအတွင်း တရားမဝင်သစ်များ တင်ဆောင်ပြီး ပုန်းအောင်း ရပ်တန့်ထားစဉ် ပိုင်ရှင်မဲ့
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ကြိုတင်သတင်းအရ သိန်းနီရေပူ စစ်ဆေးရေးစခန်း တာဝန်ရှိသူတွေနဲ့ ပိန်းဆာပြည်သူ့စစ်
အဖွဲ့ အပါအဝင် ပူးပေါင်း အဖွဲ့က ရှာဖွေဖမ်းဆီးခဲ့တာပါ”ဟု သိန်းနီရေပူစစ်ဆေးရေးစခန်း
တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
.
သိန်းနီရေပူစစ်ဆေးရေးစခန်းသည် ၂၄ နာရီ စစ်ဆေးသည့်စခန်းဖြစ်သော်လည်း
တာဝန်ကျဝန်ထမ်းများ ထမင်းစား နားချိန်တို့တွင် ယာဉ်များကို စစ်ဆေးခြင်းမပြုဘဲ ဖြတ်သန်းသွားလာခွင့်ပြုမှုများ
ရှိရာ တရားမဝင် ကုန်စည် သယ်ဆောင်သူများက ဝန်ထမ်းများ ထမင်းစားနားချိန်ကို စောင့်ဆိုင်းနေစဉ်
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားမဝင် သစ် တင်ဆောင်လာသည့် ယာဉ်များကို ရပ်တန့်ထားပြီး
ယာဉ်မောင်းများက အခြားနေရာတွင် ရောက်ရှိ စောင့်ဆိုင်းနေခြင်းကြောင့် ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
သို့ဖြစ်၍ အဆိုပါ ပိုင်ရှင်မဲ့ သစ်တင်ယာဉ် ၁၁ စီးအား လားရှိုးမြို့နယ်သစ်တော်ဦးစီးဌာနသို့
လွှဲပြောင်းပေးအပ်ခဲ့ပြီး တင်ဆောင်လာသည့် သစ်များကို တိုင်ထွာမှုများ ပြုလုပ်လျက်ရှိကြောင်း
သိရသည်။
.
ဖမ်းဆီးရမိသည့် တရာမ၀င်သစ်များတင်ဆောင်လာသည့် ယာဉ် ၁၁ စီးတွင်
Wish အမျိုးအစား လိုင်စင်မဲ့ယာဉ် ၆ စီး၊ FOTON၊ NISSAN နှင့် ၆ ဘီးယာဉ်များ ပါဝင်ကြောင်း
သိရသည်။
.
သိန်းနီရေပူအမြဲတန်းစစ်ဆေးရေးစခန်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆
ရက်တွင် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ယူကာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
မူးယစ်အထူးတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကညနနှင့် ပိန်းဆာပြည်သူ့စစ်
တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေးအတွက် ပုံမှန်စစ်ဆေးရေးလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan