ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ ပညာလိုလားသော အခြေခံလူတန်းစား လူငယ်များအတွက်
အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ အစိုးရအသိအမှတ်ပြု လက်မှတ်ရ စာရင်းကိုင်သင်တန်း
(၁/၂၀၁၈) ကို အောက်တိုဘာလ ၁ ရက်က တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ သမဝါယမသင်တန်းကျောင်းတွင်
စတင်ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
.
.
“ဒီနေ့ ဖွင့်လှစ်တဲ့ သင်တန်းကတော့ တစ်နှစ်မှာ ၂ ကြိမ် ဖွင့်နေကျဖြစ်တဲ့
လက်မှတ်ရ စာရင်းရေး၊ စာရင်းကိုင်နဲ့ ကွန်ပျူတာစာရင်းကိုင် သင်တန်းပါ။ အခုသင်တန်းဖွင့်ပွဲမှာပဲ
ပြီးခဲ့တဲ့အပတ် သင်တန်းက ဆုရှိခဲ့တဲ့လူတွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ သင်တန်းဖွင့်လှစ်ရတဲ့
ရည်ရွယ်ချက်ကတော့ နယ်တွေမှာ သင်တန်းကျောင်းတွေနည်းပါတယ်။ ရန်ကုန်၊ မန္တလေးတွေမှာက သင်တန်းတွေများတယ်။
ဒါကြောင့် နယ်တွေကို ပိုအားထားပြီးတော့ ဦးစီးဌာနရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ဖွင့်တာပါ။
နယ်မှာရှိတဲ့သူတွေက ပညာရေးကို လိုလားပေမဲ့ သင်တန်းတွေ တက်ဖို့ အခက်အခဲ ရှိတဲ့အတွက်
ဒီသင်တန်းမျိုး တွေဖွင့်ပေးပါ။ ငွေကြေးတတ်နိုင်တဲ့ကလေးတွေထက် ပညာရေးကိုလိုလားပေမဲ့
ငွေကြေး မပြည့်စုံတဲ့ အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊
စီးပွားရေးနဲ့ပတ်သက်တဲ့ အသိပညာ တိုးတက်လာစေဖို့၊ စာရင်းအင်းတွေရဲ့သဘောတရားတွေ နားလည်လာစေဖို့အတွက်
အခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်” ဟု တောင်ကြီးမြို့ရှိ သမဝါယမသင်တန်းကျောင်းမှ
ကျောင်းအုပ်ကြီး ဦးတက်ထွန်းအောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
အလားတူ အဆိုပါစာရင်းကိုင်သင်တန်းသို့ တက်ရောက်လာသူ မနှင်းပွင့်လွင်ကလည်း
“'ဒီသင်တန်း လာတက်ရတဲ့ ရည်ရွယ်ချက်က အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေစေဖို့ပါ။ နောက်ပြီးတော့
မိသားစုလုပ်ငန်း မှာလည်း ပြန်ပြီးတော့ အသုံးချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီသင်တန်းကြောင့်
ဘဝမှာ အထောက်အကူတွေ အများကြီးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါသင်တန်းကိုတက်ရောက်၍ စာမေးပွဲဖြေဆို အောင်မြင်ပါက သင်တန်းဆင်း
အောင်လက်မှတ်များ ထုတ်ပေးသွားမည့်အပြင် သင်တန်းဆင်းလက်မှတ်ရရှိသူများကို အလုပ်အကိုင်အခွင့်အလမ်းများ
ရရှိစေရေးအတွက် ချိတ်ဆက်ရှာဖွေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan