ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့မှ ပျောက်ဆုံးသွားသော ကျောင်းသူ ၄ ဦးအား ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က
မိတ္ထီလာမြို့တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကလေးများမှာ လူကုန်ကူးခံရခြင်းမဟုတ်ဘဲ
မိမိတို့သဘောဆန္ဒအလျောက် နေအိမ်မှ ထွက်ခွာ သွားခြင်းသာ ဖြစ်သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
.
.
အဆိုပါ ကျောင်းသူများမှာ ဟိုပုံးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊
နဝမတန်း၌ ပညာသင်ကြားလျက်ရှိသော မနန်းဇင်မင်းသက် (၁၅ နှစ်)၊ မနန်းခိုင်မာဦး (၁၇ နှစ်)၊
မအေးအေးလှိုင် (၁၈ နှစ်) နှင့် အဋ္ဌမတန်း၌ ပညာသင်ကြားလျက်ရှိသော မနန်းဟေသီအေး (၁၃ နှစ်)
တို့ဖြစ်ကြောင်း သိရသည်။
“သူတို့ ၄ ယောက်က ကျောင်းမတက်ချင်လို့ အိမ်ကနေ ထွက်သွားကြတာပါ။
မိတ္ထီလာကို ထွက်သွားတယ် လို့ သိရတဲ့အတွက် ဟိုပုံးစခန်းမှူးကနေ မိတ္ထီလာစခန်းကို အကြောင်းကြားပြီး
လိုက်ရှာခိုင်းတော့ ပြန်တွေ့ပါတယ်။ အဲဒီကောင်မလေး ၄ ယောက်ထဲမှာ ၁ ယောက်က မိတ္ထီလာမှာ
အဒေါ်ရှိတဲ့အတွက် အဲဒီလိပ်စာအတိုင်း လိုက် စုံစမ်း လို့ ပြန်တွေ့တာပါ။ သွေးဆောင်ဖြားယောင်းခံရတာမဟုတ်ဘူး၊
လူကုန်ကူးခံရတာ မဟုတ်ပါဘူး၊ ကျောင်းဆက် မတက်ချင်လို့ ထွက်သွားကြတာပါလို့ ကောင်မလေး
တွေကိုယ်တိုင်ရော သူတို့ မိသားစုဝင်တွေက ပြောပါတယ်”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီးစန်းဝင်းက ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါ ကျောင်းသူများသည် အောက်တိုဘာလ ၁၁ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က
ညစာကျက်ဝိုင်းသွား မည်ဟုဆိုကာ နေအိမ်မှ ထွက်ခွာသွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး
ထိုသို့ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိဘအုပ်ထိန်းသူများက ဟိုပုံးမြို့မရဲစခန်းတွင် အောက်တိုဘာလ
၁၂ ရက်၊ နံနက်ပိုင်းက လူပျောက် တိုင်တန်းသည့်အတွက် ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းရာ မိတ္ထီလာသို့
ထွက်ခွာသွားကြောင်း သိရှိရသဖြင့် ဟိုပုံးမြို့မရဲစခန်းမှ မိတ္ထီလာရဲစခန်းသို့ အကြောင်းကြားစုံစမ်းစေခဲ့ရာ
ယင်းနေ့ ညနေပိုင်းတွင် မိတ္ထီလာမြို့၊ ရွှေစည်းခုံကြီးရပ်ကွက်၌ ကျောင်းသူများအား ပြန်လည်တွေ့ရှိခဲ့ပြီး
ဟိုပုံးမြို့မရဲစခန်း တာဝန်ရှိသူများနှင့် မိဘအုပ်ထိန်းသူများက သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း
ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းအုပ် ဆရာကြီးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ အကြောင်းစုံ မသိရှိသေးသည့်အတွက်
ပြန်လည်ဖြေကြား နိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပြီး ကျောင်းသူမိခင်တစ်ဦးအား
ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။
.
ယင်းကျောင်းသူများအား မိတ္ထီလာမြို့နေ အမျိုးသားတစ်ဦးမှ ရန်ကုန်မြို့တွင်
အလုပ်ရှာပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများနှင့် ကမ္ဘောဇတိုင်း
သတင်းရင်းမြစ်များထံမှ သိရသည်။
.
.
.
#KBZTai #Shan