မကွေးလေတပ်စခန်းဌာနချုပ်မှ
လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော အက်ဖ်- ၇ လေယာဉ် ၂ စီးသည် ယနေ့ အောက်တိုဘာလ ၁၆ ရက်၊
နံနက် ၇ နာရီကျော်ခန့်တွင် လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ပြီးနောက် စခန်းဌာနချုပ်သို့
ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနှင့် ကြုံတွေ့၍ ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ဦးနှင့် ကျောင်းသူ
တစ်ဦး သေဆုံးခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ
သိရသည်။
.
ပျက်ကျခဲ့သည့် လေယာဉ်အား တွေ့မြင်ရစဉ် (ဓါတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
မကွေးလေတပ်စခန်းဌာနချုပ်မှ
အက်ဖ်-၇ လေယာဉ် ၄ စီးသည် အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းမှုများ ဆောင်ရွက်ခဲ့ပြီး လေတပ်စခန်းဌာနချုပ်သို့
ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနှင့် ရုတ်တရက်ကြုံတွေ့ခဲ့ရကာ လေယာဉ် ၄ စီးအနက် ၂ စီးမှာ
မင်းဘူးမြို့၏ တောင်ဘက် ဆားဗွက်ချောင်း တံတားအနီးတွင် ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏
အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် ၁ စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးများဖြစ်သော
ဗိုလ်ကြီး ဟိန်းသူအောင်နှင့် ဗိုလ်ကြီး ဖြိုးမောင်မောင်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။
.
ထို့အပြင် မင်းဘူးမြို့၊
အမှတ် (၄) ရပ်ကွက်၊ အေးသာယာလမ်းနေ ဦးဖိုးဖြူ၏ သမီးဖြစ်သော ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းအား
ဆားဗွက်ချောင်းတံတား အနီး ပျက်ကျခဲ့သော လေယာဉ်၏ အစိတ်အပိုင်းများ ထိမှန်ဒါဏ်ရာရရှိခဲ့သဖြင့်
မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့သော်လည်း ရရှိသော ဒဏ်ရာများဖြင့်
သေဆုံးသွားခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ လေယာဉ်ပျက်ကျမှု
ဖြစ်ပွားရာ နေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ အသေးစိတ် စစ်ဆေးခြင်းများ
ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ပျက်ကျခဲ့သည့် လေယာဉ်အား တွေ့မြင်ရစဉ် (ဓါတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)