ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၌ ယနေ့ အောက်တိုဘာလ ၂၄ ရက်၊ နေ့လယ်ပိုင်းတွင် ငွေစက္ကူအတု ပြုလုပ်သူနှင့် ကိုင်ဆောင် အသုံးပြုသူများအား ရွှေညောင်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
" ဖမ်းမိတာ ဟုတ်ပါတယ်။ ကုန်စုံဆိုင် တစ်ခုမှာ မသင်္ကာသူ ၂ ဦးကနေ ၅၀၀၀ တန်နဲ့ ဈေးဝယ်တာကို မသင်္ကာလို့ သတင်းပို့လာလို့ သက်သေတွေနဲ့အတူ လိုက်ပြီး စုံစမ်းရှာဖွေတဲ့အချိန်မှာ အဲဒီ ၂ ယောက်ကို ငွေစက္ကူ ၅၀၀၀ တန်အတု ၅ ရွက်နဲ့ တွေ့ခဲ့တာပါ။ သူတို့ မေးတဲ့အခါမှာ မိဘဂုဏ်ဆိုင်ကနေ ရတာလို့ သိရတဲ့အတွက် အဲဒီဆိုင်ကို သွားပြီး ရှာဖွေတဲ့အချိန်မှာ ၁၀၀၀၀ တန် ငွေစက္ကူအတု ၄ ရွက်နဲ့ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာပါ။ " ဟု ရွှေညောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ရန်နိုင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ နယ်မြေ (၁)ရှိ ကုန်စုံဆိုင်တွင် မသင်္ကာသူ ၂ ဦးမှ ဈေးဝယ်ရာတွင် ပေးခဲ့သည့် ၅၀၀၀ ကျပ်တန်အား မသင်္ကာ၍ ရွှေညောင်နယ်မြေ ရဲစခန်းသို့ သတင်းပေးပို့ခဲ့သဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ညီညီပိုင်မွှန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ယင်းမသင်္ကာသူများအား လိုက်လံစုံစမ်းရာ ရွှေဘုံသာရပ်ကွက်၊ နယ်မြေ (၁)၊ ခွာညိုလမ်းတွင် နေထိုင်ကြောင်း သိရသဖြင့် သွားရောက်စုံစမ်းရှာဖွေရာ ကျော်သူ (ခ)အီစွတ် ၊ (၁၉) နှစ်နှင့် မိုးမြင့်မြတ် (ခ) ဂြိုလ်သား၊ (၁၇) နှစ်တို့အား နေအိမ်တွင် တွေ့ရှိရပြီးနောက် ၎င်းတို့အား စစ်ဆေးရာ ကျော်သူ (ခ) အီစွတ်၏ အနက်ရောင် ပိုက်ဆံအိတ်အတွင်းမှ ၅၀၀၀ ကျပ်တန် ငွေစက္ကူ အတု ၅ ရွက်အား တွေ့ ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ၄င်းတို့အား ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရာ အဆိုပါ ငွေစက္ကူအတုများအား ဓနသိဒ္ဓိရပ်ကွက်၊ နယ်မြေ (၁)၊ ရတနာလမ်းရှိ မိဘဂုဏ် (ဆိုင်အမည်)ကွန်ပျူတာ မိတ္တူနှင့် စာစီစာရိုက်လုပ်ငန်း လုပ်ကိုင်သူ မင်းထက်ကိုကို (ခ) နူးရ်မိုဟမ္မဒ်ထံမှ ရရှိကြောင်း ထွက်ဆိုသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ မိဘဂုဏ်ဆိုင်အား ဆက်လက်စစ်ဆေးရာ ဆိုင်ခန်းအတွင်းမှ ၁၀၀၀၀ တန် ငွေစက္ကူအတု ပြုလုပ်ဆဲ ၄ ရွက်နှင့် အတူ DELL တံဆိပ်ပါ နက်ပြာ ကွန်ပျူတာလက်တော့ (၁)လုံး၊ ကွန်ပျူတာသုံးကြိုး (၁)ချောင်း၊ Epson 1210 ဆေးဗူး (၄) ဗူးပါ ကာလာပရင်တာ (၁)လုံး၊ ကာလာပရင်တာကြိုး (၁) ချောင်း၊ ငွေစက္ကူအတုများအား ဖြတ်ညှပ်သည့် ကတ်ကြေး (၁)ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ငွေစက္ကူအတု ပြုလုပ်သူ မင်းထက်ကိုကို (ခ) နူးရ်မိုဟမ္မဒ်မှ ကျော်သူ (ခ)အီစွတ်နှင့် မိုးမြင့်မြတ် (ခ) ဂြိုလ်သား တို့အား ၅၀၀၀ တန်အတု အရွက် ၈၀ ခန့်ကို ပေးထားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းနှင့် ၁၀၀၀၀ တန်အတုများမှာမူ ပြုလုပ်နေဆဲအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူး ရဲအုပ် ရန်နိုင်ဝင်းမှ ဆက်လက် ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ငွေစက္ကူအတု ပြုလုပ်သူနှင့် ကိုင်ဆောင်အသုံးပြုသူတို့အား ရွှေညောင်နယ်မြေရဲစခန်းမှ (ပ)၁၁၂/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။