ဟိုပုံးမြို့မှ ၉ တန်းကျောင်းသူ ၃ ဦးနှင့် ၈ တန်းကျောင်းသူ ၁ ဦး လူကုန်ကူးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့မှ ၉ တန်းကျောင်းသူ ၃ ဦးနှင့် ၈ တန်းကျောင်းသူ ၁ ဦး လူကုန်ကူးခံရ


ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အထက(၁)ကျောင်းတွင် ပညာသင်ကြားနေသော ၉ တန်းကျောင်းသူ ၃ ဦးနှင့် ၈ တန်းကျောင်းသူ ၁ ဦး၊ စုစုပေါင်း ၄ ဦးသည် အောက်တိုဘာလ ၁၀ ရက်ခန့်က လူကုန်ကူးခံခဲ့ရကြောင်း သိရသည်။


ဟိုပုံးမြို့ အထက(၁)ကျောင်းကို တွေ့မြင်ရစဉ် 
 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းမှ ဟိုပုံးမြို့မရဲစခန်းသို့ သွားရောက် တွေ့ဆုံမေးမြန်းရာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သတင်းတင်ပြထားပြီး ဖြစ်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မေးမြန်းရန် ပြောကြားခဲ့သဖြင့် ဆက်လက်မေးမြန်းရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း တင်ပြလာခြင်း မရှိသေးကြောင်းကိုသာ ပြန်လည် ပြောကြားခဲ့သည်။

ထို့အတူ ဟိုပုံးမြို့၊ အထက(၁) ကျောင်းအုပ်ကြီး ရုံးခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်လည်း ကျောင်းအုပ်ဆရာကြီးမှ ဖြစ်စဉ်အား အသေးစိတ် သိရှိခြင်း မရှိသောကြောင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကျောင်းသူများ ပျောက်ဆုံးနေမှုကို တာဝန်ရှိသူများက သတင်းထုတ်ပြန်ပေးနိုင်ခြင်း မရှိသဖြင့် ကမ္ဘောဇတိုင်းမှ ဒေသခံ သတင်းရင်းမြစ်များထံတွင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ကျောင်းသူများသည် စာသင်ကျောင်းမှ ပျောက်ဆုံးခြင်း မဟုတ်ဘဲ နေအိမ်မှ ညကျက်သို့ သွားရောက်စဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီး ကျောင်းသူများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိဘအုပ်ထိန်းသူများက ဟိုပုံးမြို့မရဲစခန်းတွင် လူပျောက် တိုင်ကြားထားကြောင်း၊  ယနေ့ အောက်တိုဘာလ ၁၂ ရက်တွင် မိတ္ထီလာမြို့၌ သက်ဆိုင်ရာက ကျောင်းသူ ၄ ဦးအား ခေါ်ဆောင်သွားသူနှင့်အတူ တွေ့ရှိ၍ ထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ကျောင်းသူများအား ခေါ်ဆောင်သွားသူမှာ မိတ္ထီလာမြို့နေ ဦးရွှေနန်းတင့်ဆိုသူ ဖြစ်ပြီး ကျောင်းသူများအား ရန်ကုန်မြို့တွင် အလုပ်ရှာပေးမည်ဟု ပြောဆိုကာ ဟိုပုံးမြို့မှ Famous မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats