အောင်ပန်းဘူတာအနီးတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ ကိုယ်ထက်ပိုင်းပြတ် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းဘူတာအနီးတွင် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ ကိုယ်ထက်ပိုင်းပြတ် သေဆုံး

မင်းဇော်မင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ ဘူတာရုံအနီးတွင် အောက်တိုဘာလ ၈ ရက်၊ နေ့လယ် ၂နာရီခွဲခန့်က ရထားကြိတ်ခံရသဖြင့် အမျိုးသား တစ်ဦး ကိုယ်ထက်ပိုင်းပြတ်၍ သေဆုံးခဲ့ရကြောင်း သိရသည်။

" ရန်ကုန်-သာစည်ဘက်က တက်လာတဲ့ ရထားစက်ခေါင်မောင်းက သတင်းပို့လို့ ရထားရဲစခန်းက တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ကြည့်ရှုတော့ သွေးတွေတောင် ခြောက်နေပါပြီ။ ဖြစ်နိုင်ချေက ရပ်စောက်-သာစည်ရထားက နင်းသွားတာ ဖြစ်နိုင်ပါတယ်၊ စုံစမ်းနေဆဲပါ" ဟု အောင်ပန်းဘူတာမှ ဒုရုံပိုင် ဦးအုန်းကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။


ကလောဘူတာနှင့် အောင်ပန်းဘူတာကြား မိုင်တိုင်အမှတ်၊ ၃၇၅/၁၅ တွင် အမျိုးသား တစ်ဦး ရထားကြိတ်၍ သေဆုံးနေကြောင်းအား အမှတ်(၁၄၁)အဆန်၊ သာစည်-ရပ်စောက် ရထားစက်ခေါင်းမောင်း ဦးမန်းမြင့်၏ သတင်းပေးပို့ချက်အရ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြခြင်း ဖြစ်ပြီး သေဆုံးသူမှာ အောင်ပန်းမြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၉)မှ ရပ်ကွက်(၃)၊ အောင်ပန်းမြို့နေ အသက် ၂၆ နှစ်အရွယ် ကိုမျိုးကျော်ကျော် ဖြစ်ကာ ရထားသံလမ်း ၂ ခု အကြားတွင် ကိုယ်ထက်ပိုင်းပြတ် ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ၄င်းအား ရဲဆေးစာဖြင့် အောင်ပန်းဆေးရုံသို့ ပေးပို့ထားကြောင်း သိရသည်။


" ကျွန်တော့်သားမက်က တက်တတ်တဲ့ ရောဂါရှိလို့ ဆိုင်ကယ်တောင် ပေးမစီးပါဘူး။ အခုလည်း သံပုရာသီးရောင်းတာ ကုန်လို့ သွားရင်း ဖြစ်သွားတာလို့ ယူဆပါတယ်" ဟု သေဆုံးသူ၏ ယောက္ခမဖြစ်သူ အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးစန်းယုက ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို အောင်ပန်းရထားရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်၊ ၁/၂၀၁၈ ဖြင့် အောက်တိုဘာလ ၈ ရက်၊ ညနေ ၄ နာရီတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats