ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လောင်းကစားလုပ်ငန်းများကို ရှောင်တခင်ဖမ်းဆီးမိပါက သက်ဆိုင်ရာ စခန်းမှူးများကို အရေးယူသွားမည်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, October 25, 2018

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လောင်းကစားလုပ်ငန်းများကို ရှောင်တခင်ဖမ်းဆီးမိပါက သက်ဆိုင်ရာ စခန်းမှူးများကို အရေးယူသွားမည်ဟု ဆို


ထက်တိုင်းကျော်
 
ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း၌ လောင်းကစား ပြုလုပ်ခြင်းများအတွက် ရှောင်တခင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိရာ ဖမ်းဆီးရမိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ စခန်းမှူးနှင့် ရဲကင်းမှူးများကို အရေးယူသွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်က ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးတို့၏ ရှမ်းပြည်နယ်အတွင်း လောင်းကစားခြင်း လုပ်ငန်းများ ပပျောက်ရေး ညွှန်ကြားချက်အရ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့နယ်၊ ရပ်ရွာများတွင် လောင်းကစားခြင်းလုပ်ငန်းများ ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေရဲစခန်းများသို့ အထူးကြပ်မတ် ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
.
“သက်ဆိုင်ရာ မြို့နယ်၊ ရပ်ရွာတွေမှာ လောင်းကစား ပြုလုပ်ကြောင်း သတင်းရရင်တော့ ကျွန်တော်တို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးရဲ့ စီမံကွပ်ကဲမှုနဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့မ ရဲစခန်းမှူး၊ နယ်မြေရဲစခန်းမှူးကိုပါ ရဲစည်းကမ်းဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပါတယ်ဟု ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး မင်းအောင်က ပြောသည်။
.

ကျိုင်းတုံမြို့ရှိ ရပ်ကွက်၊ ကျေးရွာများတွင် နာရေးအိမ်များ၌ လောင်းကစားခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များက အသိပညာပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
လောင်းကစား လုပ်ငန်းမျိုးစုံ ပပျေက်ရေးအတွက် ဆောင်ရွက်နေမှု အစီအစဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်နေ မမော်မော်မှလည်း ''အခုလိုလုပ်တာ ကောင်းပါတယ်။ အိမ်က လူတွေအတွက် စိတ်အေးရပါတယ်။ နားအေးပါးအေး မိသားစုရှာလို့ ရတာလေးနဲ့ စားသောက်နေရရင်ပဲ ကျေနပ်ပါတယ်။ လောင်းကစား မလုပ်ရင် မိသားစု စိတ်ချမ်းသာတာ ပေါ့''ဟု ၄င်း၏အမြင်ကို ပြောကြား ခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသသည် ရွှေတြိဂံဒေသ၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် ထိစပ်နေပြီး လောင်းကစားမှုများ အပါအဝင် အခြားသော ဒုစရိုက်မှုများလည်း ဖြစ်ပွားတတ်လေ့ရှိကြောင်း သိရသည်။