ရဲရင့်ဇွဲ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၁၅ ရက်မှ စတင်၍ ပြည်နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ ဒီရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ မကျင်းပဖြစ်တာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းကပါ။ ၅ နှစ်လောက် ရှိနေပါပြီ။ ဒီနှစ်မှ ပြန်ပြီးတော့ ကျင်းပတာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ဗိုလ်လုပွဲနဲ့ ဆုချီးမြှင့်ပွဲကို ပြုလုပ်သွားမှာပါ” ဟု တောင်ကြီးမြို့နယ် အားကစားနှင့် ကာယာပညာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မေရီမိုးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် လူအများပါဝင်လှုပ်ရှားသော လူထုအားကစား သမားများ၊ အရည်အချင်း ပြည့်ဝသည့် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့် အားကစားအရည်အသွေးများ တိုးတက်လာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ရပ်ကွက် တွင်းမှ အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့ တောင်ကြီးမြို့ပေါ် ရပ်ကွက် ၂၂ ရပ်ကွက်မှ ပြိုင်ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင် သွားမည် ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။