ထက်တိုင်းကျော်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်၊ မိုင်းပတ် (အထက်) ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် မွေးမြူ
ထားသည့် ကျွဲများ လည်ချောင်းကွဲရောဂါဖြင့် သေဆုံးခဲ့သဖြင့် ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးခဲ့ရကြောင်း
သိရသည်။
ကျွဲသေဆုံးမှုမှာ
အောက်တိုဘာ ဒုတိယပတ်အတွင်း ၁၀ ကောင်ကျော်ရှိခဲ့ပြီး ထပ်မံ၍ ကျွဲများသေဆုံးမှု မဖြစ်ပွားစေရေးအတွက်
ကျေးရွာများရှိ ကျွဲကောင်ရေ ၂၀၀ အား ကာကွယ်ဆေး ထိုးနှံပေးထားသည်ဟု ကျိုင်းတုံ မြို့နယ်၊
မိုင်းပတ် (အထက်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ယင်းကဲ့သို့ ကျွဲများသေဆုံးမှုဖြစ်စဉ်နှင့်
ပတ်သက်၍ ကျိုင်းတုံမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဦးစီးမှူး
ဒေါက်တာကျော်မိုးဝင်းက “မိုးရာသီနဲ့ ဆောင်းရာသီ အကူးမှာ အအေးမိ၊ အပူရှပ်ပြီး ဖြစ်တာပါ။
နောက်ထပ် အလားတူ သေဆုံးမှုမဖြစ်အောင် ကြိုတင်ကာကွယ်ဆေး ထိုးပေးထားပါတယ်”ဟု ကမ္ဘောဇတိုင်းသို့
ပြောသည်။
ကျိုင်းတုံမြို့နယ်ရှိ
တောင်ပေါ်ကျေးရွာများသည် ကျွဲများအား လယ်ယာထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုခြင်းနှင့်
အကောင်လိုက်ရောင်းချခြင်းတို့အတွက် စီးပွာဖြစ် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူထားလေ့ရှိပြီး
နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီ အကူးအပြောင်းကာလတွင် ရာသီဥတု ပြောင်းလဲမှုကြောင့်
အသေအပျောက် မရှိစေရေးအတွက် အမိုးအကာ လုံခြုံစွာဖြင့် စနစ်တကျ မွေးမြူရန် ပညာပေးတိုက်တွန်းထားကြောင်း
သိရသည်။
ယခု မိုင်းပတ်
(အထက်) ကျေးရွာအုပ်စုတွင် ကျွဲများ သေဆုံးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်း
၁၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။