ကျိုင်းတုံတွင် အမျိုးသားတစ်ဦးမှ ညီမဖြစ်သူအား သတ်ပြီး မိခင်ကို ဓါးနှင့် ထိုးကာ မိမိကိုယ်ကို တူမီးသေနတ်ဖြင့် သတ်သေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် အမျိုးသားတစ်ဦးမှ ညီမဖြစ်သူအား သတ်ပြီး မိခင်ကို ဓါးနှင့် ထိုးကာ မိမိကိုယ်ကို တူမီးသေနတ်ဖြင့် သတ်သေ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ နောင်တောင်းကျေးရွာအုပ်စု၊ ဘာခွေ ၂ ကျေးရွာတွင် အောက်တိုဘာလ ၂၁ ရက်၊ ညနေပိုင်းက ကျဖေ့ဆိုသူ အမျိုးသားတစ်ဦးမှ ၎င်း၏ ညီမအား သတ်ပြီး မိခင်အား ဓါးဖြင့် ထိုးကာ မိမိကိုယ်ကို တူမီးသေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
" ကျေးရွာအုပ်ချုပ်ရေးမှူးက ဖုန်းဆက်သတင်းပေးလို့ ချက်ချင်း ကျွန်တော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်တဲ့ရွာကို ရောက်သွားပါတယ်။ နေအိမ်အပေါ်ထပ်က မီးဖိုဆောင်ထဲမှာ ကျဖေ့ကို တွေ့ရပြီး အသက်ရှင်နေသေးလို့ မေးမြန်းပေမယ့် တူမီးသေနတ်ဒဏ်ရာက လျှာကို ထိမှန်ထားလို့ စကား မပြောနိုင်တော့ပါဘူး။ ကျဖေ့ကို ဖမ်းပြီး ရဲစခန်း ခေါ်ဖို့ စီစဉ်နေဆဲမှာပဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်" ဟု ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ဘာခွေ ၂ ကျေးရွာ၌ နေထိုင်သည့် ဦးကျဝဆိုသူသည် လယ်တောမှ နေအိမ်သို့ ပြန်လာစဉ် လမ်းခုလတ် နေရာတွင် ၎င်း၏ ဇနီး ဖြစ်သူ ဒေါ်နားမွေ၊ အသက် ၅၀ နှစ်သည် ဝမ်းဗိုက် ဝဲဘက်ခြမ်း၌ တစ်လက်မခန့် ထိုးသွင်းဒဏ်ရာနှင့် ငိုကြွေးနေသဖြင့် မေးမြန်းရာ သားဖြစ်သူ ကျဖေ့မှ ညီမ မနာကျိုးရီ၊ အသက် ၂၄ နှစ်ကို ဓါးဖြင့် ခုတ်၍ သေဆုံးခဲ့ပြီး တားမြစ်သော မိခင်ဖြစ်သူကိုပါ ဓါးဖြင့် ထိုးခဲ့ခြင်းကြောင့် နေအိမ်မှ ထွက်ပြေးရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဦးကျဝထံမှ သိရသည်။
.
ကျဖေ့ကို တူမီးသေနတ် ၂ လက်နှင့်အတူ နေအိမ်အပေါ်ထပ်၌ ရဲတပ်ဖွဲ့က တွေ့ရှိရခြင်း ဖြစ်ပြီး လည်ပင်းအပေါ်ရှိ လည်စလုပ် အထက်နေရာမှ နဖူးနေရာသို့ တူမီးခဲသီး ဖောက်ထွက်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
ယင်းကဲ့သို့ ညီမအား သတ်ပြီး မိခင်အား ဓါးဖြင့် ထိုးကာ မိမိကိုယ်ကို တူမီးသေနတ်ဖြင့် ပစ်ခတ် သေဆုံးခဲ့သည့် ကျဖေ့ ၊ အသက် ၂၅ နှစ်အား ကျိုင်းတုံ မြို့မရဲစခန်းမှ (ပ)၄၈၀/၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Journal Download

Photo of three cats