မင်းဇော်မင်း
ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် လုပ်ဆောင်သည့်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ကျေးရွာ ၃ ရွာ၏ လျှပ်စစ်မီး
ဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
" ၂၀၁၇/၂၀၁၈ ပြည်နယ် ပိုလျှံရန်ပုံငွေ ကျပ်သိန်း
၂၀၀၀ ကျော် ကျတာနဲ့ ချက်ခြင်းဆောင်ရွက်တာမှာ ၆ လအတွင်း လုပ်ငန်း ပြီးစီးတာ ဖြစ်ပါတယ်။
11Kv လိုင်းနဲ့ 110Kv ထရန်စဖော်မာ ၃ လုံးနဲ့ ရွာ ၃ ရွာကို ဖြန့်ဝေပေးမှာပါ။ အိမ်သုံးအဖြစ်
သတ်မှတ်တာဖြစ်လို့ လုပ်ငန်းသုံးအနေနဲ့တော့ ခွင့်ပြုမထားပါဘူး" ဟု အောင်ပန်းမြို့၊
လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းမြို့မှ ပင်းတယဘက်အထွက်လမ်း ၆ မိုင်ခန့်
ကွာဝေးသည့် ဟင်းငါးပင်ကျေးရွာနှင့် စေတီကုန်းတောင်/မြောက်ကျေးရွာ ၃ ရွာရှိ လူဦးရေ
၄၅၀ ကျော်၊ အိမ်ခြေ ၁၇၀ ကျော် အပါအ၀င် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စသည်တို့ အပါအ၀င်
မီတာလုံးရေ ၂၀၀ ကျော်ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး မီတာ တစ်ယူနစ်လျှင်
၁ မှ ၁၀၀ ယူနစ်ကို ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိကို ၄၀ ကျပ်နှုန်း၊ ၂၀၀
ယူနစ်ကျော်လျင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
.
မီတာ တစ်လုံးလျှင် ငွေကျပ် ၃ သိန်းခန့် ကုန်ကျမည်
ဖြစ်ပြီး လျှပ်စစ်မီး သုံးစွဲမှု ဘေးအန္တရာယ် သတိပြုရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များ
ဖြန့်ဝေပေးခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်ထံမှ
သိရသည်။
.
" ရွာအနေနဲ့ အဖိုးအဖွားများ လက်ထက်ကတည်းက နှစ်ပေါင်းများစွာ
အမှောင်ထဲမှာသာ နေလာကြရကနေ အခုလို လျှပ်စစ်မီး သုံးစွဲခွင့် ရရှိလာတဲ့အတွက် ကျေးရွာနေသူတွေရဲ့
အိပ်မက်တွေ အကောင်အထည် ပေါ်လာခဲ့ပါပြီ။ ရွာအနေနဲ့ ဆိုရင်တော့ ဘယ်တော့မှ မီးလင်းမှာ မဟုတ်နိုင်ပါဘူး၊
ရွာတွေအနေနဲ့ စီးပွားရေး မကောင်းလို့ အရှုံးတွေ
ဖြစ်ပေါ်နေတဲ့ အချိန်မှာ နိုင်ငံတော်အနေနဲ့ အခုလို ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဟု ဟင်းငါးပင်ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးဆန်းကျော်မှ ပြောကြားခဲ့သည်။
.
အဆိုပါ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို အောင်ပန်းမြို့၊
သူရဲကျေးရွာအုပ်စု၊ ဟင်းငါးပင်ကျေးရွာ ထရန်စဖော်မာအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး
အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ
ပြည်သူများ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။