အရက်ယမကာနှင့် လူမှုရေး ပြဿနာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အရက်ယမကာနှင့် လူမှုရေး ပြဿနာ


ကျော်လှ (ကျိုင်းတုံမြေ)

''လူကို ဖျက်တော့ အရက်၊ ဓားကိုဖျက် တော့ ဝါးမျက်''ဆိုတဲ့ ရှေးပညာရှိတို့၏ ဆိုရိုး စကားပုံ ရှိခဲ့ပါသည်။ ဤစကားပုံမှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကျော်ကပင်ပေါ်ပေါက်ထင် ရှားခဲ့သော ဆိုရိုးစကားပုံတစ်ရပ်ပင်ဖြစ်ပြီး ယခု မျက်မှောက်ခေတ် ကာလ၌ မှန်နေဆဲဖြစ်သလို နောင် အနာဂတ်ခေတ်အဆက်ဆက် ဆီများ၌ လည်း ဆက်လက်မှန်ကန်နေသေးမည်မှာ မလွဲ ဧကန်ပင် ဖြစ်ပေသည်။
.
လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော် လောက်ကပင် မဇ္ဈိမအရပ်ဒေသ၌ ပွင့်တော်မူခဲ့ သော ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်ကပင်သက် ရှိလူသားများအား ဘေးဥပါဒ် အန္တရာယ် အသွယ်သွယ် ဖြစ်စေတတ်သော ဤသေရေသေ ရက်အား ကျွန်ုပ်တို့ လူသားများအားလုံး ရှောင်ကြဉ်အပ်ကြောင်းကို ငါးပါးသီလဖြင့် အတိအ လင်း ဟောကြားပညတ်ပေးတော် မူခဲ့ပေသည်။ မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော တပင်ရွှေထီး ကဲ့သို့ ဘုရင်မင်းမြတ်သည်ပင် ယခင်အစအချိန် ခါက မြန်မာ့သမိုင်းတွင် စံပြုထိုက်လောက် သော မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်ခဲ့သော် လည်း နောင်ကာလတွင်မူ ဤသေရေသေရက် ကို နှစ်ရှိုက်စွဲလမ်းလာခဲ့မှုကြောင့် သူကိုယ်တိုင် ဘဝနိဂုံးချုပ်မလှ ဖြစ်ခဲ့ရကာ စည်ပင်တိုးတက် နေခဲ့သော တိုင်းပြည်ကြီးမှာလည်း ကွဲအက်ပြို ပျက်ကာ ပျက်စီးလုမတတ် ဖြစ်ခဲ့ရပေတော့ သည်။ ဤသည်ကား သေရေသေရက်၏ သမိုင်း စာမျက်နှာမှ ပေးအပ်ခဲ့သော အတိတ်နိမိတ် သင်ခန်းစာများပင်တည်း။
.
ယခုလက်ရှိ ကမ္ဘာတစ်ဝှမ်းလုံးတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ်၏ စစ်တမ်းစာရင်းထုတ်ပြန်ချက်အရ (၂ဝ၁၆) ခုနှစ်တွင် အရက်ကြောင့် သေဆုံးသူပေါင်း သုံးသန်းမျှရှိခဲ့ ပြီး (၂ဝ၁၇) ခုနှစ်စစ်တမ်းအရမူ အရက်ကြောင့် သေဆုံးရသူ ဦးရေမှာ လေးသန်းနီးပါးမျှအထိ တိုးတက်များပြားလာခဲ့သောကြောင့် ကြောက် မက်ရင်လေးဖွယ်ရာ နိမိတ်ဆိုးကြီးများအား ကျွန်ုပ်တို့ ဆင်ခြင်တွေ့မြင်နိုင်ကြပေသည်။ ထို့ ကြောင့်ပင် ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါဆိုး ကြီးတစ်ခုအဖြစ် သတ်မှတ်ပေးထားခဲ့သော (HIV) ရောဂါဆိုးကြီး၏ သေဆုံးသူဦးရေ ထက်ပင် ဤသေရေအရက်ကြောင့် သေဆုံးကြ ရသူများက သိသာထင်ရှားစွာ ပိုမိုများပြားဖြစ် ပွားနေရပြီ ဖြစ်ကြောင်းကိုပါ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်မှ ကမ္ဘာကြီးအား တပ်လှန့် သတိပေးလျှက် အထူးအလေးထား ထုတ်ပြန် ကြေညာထားသည်ကိုပင် တွေ့ရှိရပေသည်။
.

ဆက်၍ပင် (WHO) အဖွဲ့မှ ဖော်ပြထားရာတွင် ကမ္ဘာတစ်လွှား၌ နှစ်စဉ်သေဆုံးသူ ၁၈ ဦးတွင် အရက်ဖြင့် ပတ်သက်၍ အကြောင်းတို့ကြောင့် သေဆုံးရသူ တစ်ဦးစီ ရှိကြောင်းကိုပါ စစ်တမ်းပြု ထုတ်ပြန်ပေးထားပါသည်။ ဤအရက်ကြောင့် သေဆုံးကြရသူများထဲတွင် မိမိ ကိုယ်တိုင် အရက်စွဲလန်းသောက်သုံးမှုကြောင့် နောက်ဆက်တွဲ ရောဂါစုများ ခံစားကြရကာ သေဆုံးမှု၊ အရက်သောက်၍ မဆင်မခြင်ယာဉ် မောင်းနှင်မှုကြောင့် သောက်သုံးသူ ကာယကံ ရှင်နှင့်တကွ ယာဉ်ပေါ်၌ စီးနင်းပါရှိသူများပါ ထိခိုက်သေဆုံးမှု အရက်မူးယစ်ရမ်းကားမှု ကြောင့် ခိုက်ရန်ဒေါ်သဖြစ်ပွားကာ သေဆုံးကြရ မှု စသည့်အကြောင်းရပ်ပေါင်းစုံတို့ ပါဝင်ပေ သည်။
.
ဤအရက် ယမကာများအား စွဲလန်း သောက်သုံးမှုကြောင့် ကျွန်ုပ်တို့ လူသားတို့သည် ကင်ဆာရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါများ အလွယ်တကူ ဝင်ရောက်ဖြစ်ပွားတတ်ပြီး ဦးနှောက် သွေးကြောပိတ်ကာ လေဖြတ်ခြင်း၊ စိတ်ကစဥ့် ကလျား ဖြစ်ပွားခြင်း၊ မူးယစ်ရမ်းကားမှုကြောင့် မမျှော်လင့် သော ခိုက်ရန်ဖြစ်ပွားမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုနှင့် ခိုးမှုတို့ကိုပါ အလွယ်တကူ ကျူး လွန်တတ်ခြင်း စသည့် အလွန်ကြီးလေးသော နောက်ဆက်တွဲ ပြဿနာရပ်ကြီးများကိုပါ မလွဲ မသွေ ရင်ဆိုင်ကြုံတွေ့ကြရတော့မည်သာ ဖြစ် ပေသည်။ ကမ္ဘာတစ်လွှားတွင် နေ့စဉ်ဖြစ်ပွား နေသော ရာဇဝတ်ပြစ်မှုများ၏ ၅ဝ ရာနှုန်းကျော် မှာလည်း ဤအချက်သောက်စားမူးယစ်မှုကြောင့် ဖြစ်ပွားခဲ့ရသည်ဟု စစ်တမ်းတစ်ရပ်တွင် ဖော် ပြထားပါသေး၏။
.
ဤသို့ ကမ္ဘာတစ်လွှားတွင် အရက်နှင့် ပတ် သက်၍ ဖြစ်ပွားရသော ပြဿနာများ ထွေထွေ ပြားပြား ဖြစ်ပွားနေချိန်တွင်ပင် ဝိသမလောဘ သားတို့ကလည်း ပြီးစလွယ်ပေါပေါတန်တန် အရက်တုများအား ထုတ်လုပ်ရောင်းချနေကြမှု ကြောင့် ဤအရက်တုအား သောက်သုံးမိသူတို့ မှာကား ငရဲမီးအဆိပ်ကို သောက်သုံးမိသကဲ့သို့ မထင်မှတ်သော ဝေဒနာရပ်များတို့အား ပြင်း ထန်စွာ ခံစားကြရလျက် အသက်ကိုပင် စတေး ခံလိုက်ကြရသည်ကိုလည်း မကြားဝံ့မမြင်သာ နေ့စဉ်နှင့်အမျှ ကြားသိနေကြရလျက် ရှိနေပေ သည်။
.
ဤကဲ့သို့ပင် ကမ္ဘာအရပ်ရပ်ဆီ၌ ဤသေ ရည် အရက်ကြောင့် နေ့တစ်ဓူဝ ပြဿနာရပ် ပေါင်း သောင်းခြောက်ထောင်ဖြင့် ရင်ဆိုင်ကြုံ တွေ့နေကြရသဖြင့် အမေရိကန်၊ ဥရောပ၊ ရု ရှား၊ သြစတြေးလျ၊ ဂျပန်ကဲ့သို့သော နိုင်ငံကြီး များအချို့တို့တွင် ဤအရက်ထုတ်လုပ်ရောင်းချ မှုနှင့် သောက်သုံးမှုတို့အား ဆီလျော်သော ဥပ ဒေရပ်များဖြင့် ပြဌာန်းလျက် အလေးထား၍ ထိန်းချုပ်လာကြရာတွင် ဤနိုင်ငံများတို့၏ အ ရက်သောက်သုံးမှု ပမာဏတဖြည်းဖြည်းလျော့ နည်း ကျဆင်းလာသည်နှင့်အညီ ဤအရက် ကြောင့် ဖြစ်ပွားရသော ပြဿနာရပ်များသည် လည်း ''ကျွဲလူးရေပါ''ဆိုသလို သိသာစွာလျော့ နည်း ကျဆင်းလာပြီဖြစ်ကြောင်းကို ကမ္ဘာကြီး အား သက်သေပြ၍ အသိပေးကြေညာနိုင်ခဲ့ပေ ပြီ။ ဤတွင် အဆိုပါ နိုင်ငံများတို့၏ အရက် ထုတ်လုပ်မှုနှင့် ပတ်သက်၍ အခွန်ကောက်ခံမှု ကို တင်းကြပ်ပေးခြင်း၊ ယမကာအရက်ကြော် ငြာများအား ပိတ်ပင်ခြင်း၊ အရက်၏ ဆိုးကျိုး များအား ကျောင်းပညာရေးနှင့်တကွ ပြည်သူ တစ်ရပ်လုံးတို့အား တွင်ကျယ်စွာ အသိပညာ ပေးလာခြင်း စသည့်လေးနက်သော အကြောင်း ရပ်တို့ဖြင့် အရက်ထုတ်လုပ်မှုနှင့် သောက်သုံးမှု ပမာဏအား လျော့နည်းကျဆင်းသွားအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်းကို သက်သေပြနိုင်ခဲ့ပေ ပြီ။
.
သို့သော် အဆိုပါ နိုင်ငံကြီးများ အချို့တို့ တွင်သာ အရက်ထုတ်လုပ်သောက်သုံးမှု ပမာ ဏလျော့နည်းကျဆင်းသွားလေအောင် နည်း လမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နိုင်ခဲ့ကြသော် လည်း ကျန်ရှိသော ကမ္ဘာတစ်လွှား တစ်နံတစ် လျားနိုင်ငံ အများစုတို့၌မှာမူကား ဤအရက် ယမကာ ထုတ်လုပ်သောက်သုံးမှု ပမာဏမှာ ''မဗေဒါလို ပန်းပန်လျက်''ရှိနေဆဲပင် ဖြစ်သော ကြောင့် ဖြစ်ပွားသော ပြဿနာ ထွေထွေရပ်ရပ် တို့အား ခါးစည်းခံလျက် ဆက်လက်ကြုံတွေ့ခံ စားနေကြရဆဲပင်။ ဤကဲ့သို့ ကြုံတွေ့ကြရသည့် အခါတွင်လည်း သောက်သုံးသူ ကာယကံရှင် နှင့် မိသားစုကို သာမက သမ္မာအာဇီဝတရား ဖြင့် ကောင်းမွန်စွာ နေထိုင် လုပ်ကိုင် စား သောက်နေကြသော အခြားလူမှုအသိုင်းအဝန်း တို့ကိုပါ ရိုက်ခတ်ဆွဲခေါ်၍ ဒုက္ခလှလှကြီး ပေး နိုင်တတ်သည်ကို ကျွန်ုပ်တို့ ဘယ်သူကမျှ ငြင်း ပယ်နိုင်ကြလိမ့်မည် မဟုတ်ပါ။
.
ဤသို့ ယမကာ အရက်၏ ဆိုးကျိုးတရား များအား သိရှိနားလည်လာကြပြီး ယခင်က အ ရက်စွဲလန်းနေသူ အချို့တို့သည် မိမိ၏ အမှား များအား နောင်တတရားများဖြင့် ဆင်ခြင်လာ ကြကာ အရက်စွဲမှုကို စနစ်တကျ ဖြတ်တောက် လျက် ''ခရောင်းတောလမ်းဆီမှ ပန်းခင်းသော လမ်းဆီသို့'' ကူးပြောင်းလျှောက်လှမ်း ရောက် ရှိလာကြသည်ကိုလည်း ကျွန်ုပ်တို့ ဝန်းကျင်တွင် ကြည်နူးအားရဖွယ် မြင်ကွင်းများကိုပါ တွေ့မြင် ရပေသည်။
.

ထို့ကြောင့် ခြုံ၍ပြောရပါလျှင် ကျွန်ုပ်တို့ လူသားများအတွက် အန္တရာယ်ဖြစ်ဖွယ်ကို ဒိဗ္ဗ စက္ခုရွှေဉာဏ်တော်ဖြင့် သိမြင်တော်မူ၍ ဂေါတ မဘုရားရှင်ကပင် ပညတ်တားမြစ်ခဲ့သော အ ရက်။ ဤအရက်အား နှစ်ခြိုက်စွဲလမ်းခဲ့မှုကြောင့် တပင်ရွှေထီး ဘုရင်၏ ဘဝဇာတ်သိမ်းမလှခဲ့သ လို မြန်မာပြည်၏ သမိုင်းကြောင်းတစ်ရပ်ကိုပါ ပြောင်းပြန်ဖြစ်စေခဲ့သည့်အရက်၊ ကမ္ဘာတစ်လွှား တစ်နံတစ်လျားရှိ ကမ္ဘာသူ ကမ္ဘာသားတို့အား နေ့စဉ်နှင့်အမျှ ပြဿနာထွေရပ်ပေါင်း သောင်း ခြောက်ထောင်ကို ဖန်တီးလက်ဆင့်ကမ်းပေးနေ ရှာသည့် အရက်  ဤယမကာ အရက်အား ကျွန်ုပ်တို့ အသိပညာရှိသော လူသားများအဖို့ ဆက်လက်၍ လက်ခံသုံးစွဲနေသင့်သလား။ ဒါမှ မဟုတ် ကျွန်ုပ်တို့ ကမ္ဘာကြီးမှ တစ်နေ့တစ်ခြား လျော့နည်းပပျောက်သွားလေအောင် ဝိုင်းဝန်း ကြိုးပမ်း လုပ်ဆောင်သင့်သလား ဆိုသည့် အ ဖြေမှန်တစ်ရပ်အား ကျွန်ုပ်တို့ ဝိုင်းဝန်းတွေး တောဆင်ခြင်ကြည့်ကြပါစို့။
.
ကျွန်ုပ်တို့ ပြည်သူပြည်သားများ အရက် ယမကာ၏ ဘေးအန္တရာယ်မှ ရှောင်ရှားကင်းဝေး နိုင်ကြပါစေ။

Journal Download

Photo of three cats