ရဲရင့်ဇွဲ
ရှမ်းပြည်နယ်၏
အဓိက နယ်စပ်ကုန်သွယ်ရေးဒေသတစ်ခုဖြစ်သော မူဆယ်နယ်စပ်ဈေးကွက်၌ ယခု ရက်ပိုင်း အတွင်း ရှမ်းပြည်နယ်ထွက်
ဖရဲသီးများ စတင်ဝင်ရောက်လာစပြူနေပြီး ဈေးကွက်အခြေအနေအရ ဈေးကောင်းရနိုင်သည်ဟု ဖရဲသီးကုန်သည်များထံမှ
သိရသည်။
.
“ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့
မူဆယ်ကိုသယ်လာတဲ့ လမ်းကြောင်းမှာ မိုးရွာသွန်းမှုကြောင့် အရည်အသွေး ထိခိုက်မှုရှိသလို
တရုတ်ဘက်ခြမ်းမှာကလည်း ဖရဲအထွက်ရှိနေလို့ ဈေးကွက်ကျဆင်းနေတာပါ။ လာမယ့်ရက်ပိုင်း အတွင်းမှာတော့
တရုတ်ဘက်ခြမ်းက ဖရဲအထွက်ကလည်း ကုန်တော့မှာဖြစ်သလို ဒီဘက်မှာကလည်း ရာသီဥတုက ကောင်းလာပြီဆိုတော့
ဖရဲသီးဈေးက မြင့်တက်လာမှာပါ”ဟု မူဆယ်မြို့ရှိ ဖရဲသီးကုန်သည်တစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့်
ရက်ပိုင်းအတွင်းက မူဆယ်နယ်စပ်ဈေးကွက်၌ ရှမ်းပြည်နယ်ထွက် ဖရဲသီး ၁ တန်လျှင် ယွမ် ၂၀၀၀၊
ထိုင်ဝမ်ဖရဲသီး ၁ တန်လျှင် ယွမ် ၁၂၀၀ ခန့် ပေါက်ဈေးရှိနေပြီး မိုးရွာသွန်းမှုကြောင့်
ဖရဲသီးအရည်အသွေး ထိခိုက်မှုများ ဖြစ်ပွားကာ ဈေးကွက်ကျဆင်းခဲ့ရပြီး တရုတ်ဘက်ခြမ်းတွင်လည်း
ဖရဲသီးများ ထွက်ရှိနေမှုကြောင့် အရောင်းအဝယ် အေးခဲ့သည်ဟု သိရသည်။
.
သို့သော်
ယခုအခါ ရာသီဥတု ပြန်လည်ကောင်းမွန်လာပြီးဖြစ်ကာ တရုတ်ဘက်တွင်လည်း ဖရဲသီးအထွက် ကုန်ဆုံးတော့မည်ဖြစ်သဖြင့်
ရှမ်းပြည်နယ်ထွက်ဖရဲသီးများ ဈေးကောင်းရဖွယ်ရှိကြောင်း ကုန်သည်အချို့မှ သုံးသပ် ပြောဆိုလျက်ရှိသည်။
.
ပြီးခဲ့သည့်
စက်တင်ဘာလမှ စတင်ကာ ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှု ဖြစ်ပွားခဲ့ပြီးနောက် စိုက်ပျိုးရေး
လုပ်ငန်းသုံးပစ္စည်း အများစုမှာ ပျှမ်းမျှအားဖြင့် ၃၀ ရာခိုင်နှုန်းခန့် ဈေးတက်ခဲ့သည့်အတွက်
ရှမ်းပြည်နယ်ထွက် ဖရဲ သီးများ အရည်အသွေးကောင်းကောင်းနှင့် အရေအတွက်များများ ထွက်ရှိပြီး
ဈေးကောင်းရရှိမှသာ တောင်သူများ အတွက် တွက်ခြေကိုက်မည်ဖြစ်သည်ဟု ဖရဲသီးစိုက်တောင်သူများထံမှ
သိရသည်။
.
ရှမ်းပြည်နယ်ထွက်
ဖရဲသီးများကို ပြည်ပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အရည်အသွေးပြည့်မီ သော
အသီးများဖြစ်ရေး၊ အရေအတွက်များများ ထွက်ရှိရေးတို့အတွက် လုပ်ဆောင်သွားရန် လိုအပ်လျက်ရှိသည်ဟု
သိရသည်။