လားရှိုးမြို့ Water Park ဆောက်လုပ်ရေးလုပ်ငန်းတွင် အငြင်းပွားမှုဖြစ်ပေါ်နေသည့် အလုပ်သမားများ၏ လုပ်အားခကို မြို့မိ မြို့ဖများထံ အပ်နှံ၍ ဥပဒေအတိုင်း ဖြေရှင်းမည် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ Water Park ဆောက်လုပ်ရေးလုပ်ငန်းတွင် အငြင်းပွားမှုဖြစ်ပေါ်နေသည့် အလုပ်သမားများ၏ လုပ်အားခကို မြို့မိ မြို့ဖများထံ အပ်နှံ၍ ဥပဒေအတိုင်း ဖြေရှင်းမည် ဟုဆို


နောင်(မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်တည်ဆောက်နေသော Gold Luck Water Park တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း အငြင်းပွားမှု ဖြစ်ပေါ်နေသော အလုပ်သမားများ၏ လုပ်အားခနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာလ ၂၀ ရက်က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်တွင် ပြုလုပ်ရာ အလုပ်သမားများ ရရန် ကျန်ရှိနေသော လုပ်အားခများကို မြို့မမြို့ဖများထံ အပ်နှံ၍ ဥပဒေအတိုင်း ဖြေရှင်းသွားမည်ဟု အလုပ်ရှင် ဘက်မှ ပြောဆိုခဲ့သည်။
.
.
Water Park ဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ကိုင်နေသည့် အလုပ်သမားများ ရရန်ကျန်ရှိသော ကျပ် ၁၃၈ သိန်း အား အလုပ်သမားများကတောင်းဆိုနေမှုနှင့်ပတ်သက်၍ အလုပ်ရှင်ဘက်မှ ယင်းကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
.
"ဒီလုပ်ငန်းကို ပုတ်ပြတ်စနစ်၊ ကန်ထရိုက်စနစ်နဲ့ ပေးပါတယ်။ ဒီလိုနေ့စား၊ လခစားတွေ လုပ်လေ့လုပ်ထလည်း မရှိပါဘူး။ အခုအငြင်းပွားနေတဲ့အလုပ်သမားကိစ္စလည်း ထိုနည်းတူပါပဲ။ နှစ်ဦးသဘောတူပြီးတော့မှ လုပ်ငန်းကို လုပ်တယ်။ ဒီကိစ္စကို အလုပ်သမားရုံးမှာလည်း ရှင်းလင်းခဲ့ပြီးပါပြီ။ အခု သူတို့ပြောတဲ့ ၁၃၈ သိန်းကို မြို့မိမြို့ဖ တွေကိုအပ်ထားတယ်။ တရားရုံးမှာ ဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းပြီးတော့မှ သူတို့ကိုပေးရမယ်ဆိုရင် ပေးလိုက် မှာပါ။ ကျွန်တော်ရသင့်တယ်ဆိုရင်တော့ ၁၃၈ သိန်းကို လားရှိုးမြို့မှာရှိတဲ့ပရဟိတအသင်းကို လှူပေးသွားမှာ ဖြစ်ပါတယ်"ဟု လားရှိုးမြို့နေ Gold Luck Water Park  ပိုင်ရှင် ဦးရဲနိုင်ကပြောသည်။
.
၎င်းအနေဖြင့် အလုပ်သမားများတောင်းဆိုသည့် ကျပ် ၁၃၈ သိန်းကို မြို့မိမြို့ဖများထံအပ်နှံထားပြီး ဥပဒေအတိုင်း ဖြေရှင်းသွားမည်ဖြစ်ကာ ၎င်းအမှုနိုင်ပါကလည်း ယင်းငွေကို ပရဟိတအသင်းထံ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
အလုပ်သမားများကလည်း ၎င်းတို့ရရန်ရှိသည့် လုပ်အားခများနှင့် ပတ်သက်၍ သြဂုတ် ၁၃ ရက်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန(လားရှိုးခရိုင်)သို့တိုင်ကြားခဲ့သဖြင့် အလုပ်သမားရုံးတွင် (၄)ကြိမ်တိုင် ဖြေရှင်းခဲ့သေးကြောင်း သိရသည်။
.
ပထမအကြိမ်ဖြေရှင်းရာတွင် အလုပ်ရှင် ဦးရဲနိုင်က လုပ်အားခများပေးအပ်မည်ဟုပြောဆိုခဲ့သော်လည်း နောက် ပိုင်းတွင် စာရင်းတိုက်ခြင်း၊ စာရင်း စစ်ဆေးရှင်းလင်းခြင်းများပြုလုပ်ပြီးမှသာ ပေးအပ်တော့မည်ဟု ပြောင်းလဲ ပြောဆိုခဲ့ပြီး လက်ရှိအချိန်ထိပေးအပ်ခြင်းမရှိကြောင်း အလုပ်သမားခေါင်းဆောင် ကိုကျော်မင်းကပြောသည်။
.
"ကျွန်တော်တို့ရမယ့်လုပ်အားခတွေကို တောင်းနေတာပါ။ မေလမှာ အလုပ်စဝင်ပါတယ်။ မေလအတွက်ကို တော့ သူ့တို့အင်ဂျင်နီယာ မလေးနွယ်ဆိုသူက ဈေးနှုန်းတွေသတ်မှတ်ပြီးတော့ တစ်ဖြတ်ရှင်းပေးခဲ့ပါတယ်။ နောက်လုပ်ငန်း တွေကို အဲဒီအတိုင်းပဲဆက်လုပ်ဖို့ပြောပြီးမှ လုပ်ခဲ့တာပါ။ အလုပ်သမား ၂၀ ဦး ပေစား၊ ကျင်းစားနဲ့ ဝင်လုပ်ပါတယ်။ လုပ်ငန်းတစ်ခုဖြတ်ခါနီးရင် နောက်တစ်မျိုးခိုင်းပါတယ်။ အဲဒီလိုနဲ့ လုပ်ငန်း ၇ မျိုးလုပ်ပေး ခဲ့ရပါတယ်။ အခုက အလုပ်သမား ၂၀ ယောက်အတွက် လုပ်အားခ ၁၃၈ သိန်းပေးဖို့ကျန်တာကို တောင်းတာ ဖြစ်ပါတယ်" ဟု အလုပ်သမားခေါင်းဆောင် ကိုကျော်မင်းကပြောသည်။
.
အလုပ်သမားများအနေဖြင့် လားရှိုးမြို့ခံများမဟုတ်ဘဲ အခြားနယ်များမှ လာရောက်လုပ်ကိုင်သူများဖြစ်ကြကာ ယခုကဲ့သို့ လုပ်အားခအငြင်းပွားမှုများကြောင့်နစ်နာနေပြီး လုပ်အားခများအတွက် တရားရုံးတွင် ဆက်လက်ရင် ဆိုင်ဖြေရှင်းရမည်ဆိုပါကလည်း အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း အလုပ်သမားများထံမှ သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats