တောင်ကြီးတွင် Myanmar Fitness Dance ဆင့်ပွားသင်တန်း ၅ ရက်ကြာ ဖွင့်လှစ်သင်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် Myanmar Fitness Dance ဆင့်ပွားသင်တန်း ၅ ရက်ကြာ ဖွင့်လှစ်သင်ကြား



ဇွဲလေး၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီနှ့င် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Myanmar Fitness Dance ဆင့်ပွား သင်တန်းကို တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ဩဂုတ်လ ၂၇ ရက်မှ ၃၁ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဩဂုတ်လ ၃၁ ရက်၊ နေ့လယ်ပိုင်းတွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
''ဒီသင်တန်းကို ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှာ ဂီတနဲ့ တွဲဖက်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလိုတဲ့ အတွက် ဖြစ်ပါတယ်။ ဒီသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းအတွင်းက မြို့နယ် ၂၁ မြို့နယ်မှ သင်တန်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရတဲ့အတွက် အလွန်ပဲ အားရကျေနပ်မိပါတယ်''ဟုရှမ်းပြည်နယ် အမျိုးသမီးအားကစား အဖွဲ့ ဆပ်ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းရွှေမြင့်က ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်သော Myanmar Fitness Dance သင်တန်းကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသင်တန်းတွင် တက်ရောက်သင်ကြားခဲ့သူများမှ ယခုတောင်ကြီးမြို့တွင် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချ ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းသန်းနှင့် ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ ဆပ်ကော်မတီဝင်များ၊ အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး သင်တန်းသူများက အကလေ့ကျင့်ခန်းများဖြင့် စုပေါင်းလေ့ကျင့် ကပြခဲ့ကြပြီး ဆင့်ပွားသင်တန်း နည်းပြဆရာမနှင့် ထူးချွန်သင်တန်းသူ များအား ဆုတံဆိပ်နှင့် ငွေသားဆုများ၊ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats