အကြောင်းကိုသိသော ပညာရှိသော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အကြောင်းကိုသိသော ပညာရှိသော



ဆာယာ-လှမြင့်
.
 
.
ယနေ့ ကျောင်းသားလူငယ်လေးတွေ သင် ကြားနေတဲ့ ထက်၊ လယ်၊ မူကျောင်းတွေကို အခြေခံပညာကျောင်း၊ တက္ကသိုလ် ကျောင်းတော် ကြီးတွေကို အဆင့်မြင့်ပညာကျောင်းတွေရယ်လို့ ဆိုင်းဘုတ်တင်ထားကြပေမယ့် တကယ်ပဲ ပညာ တွေ သင်ပေးနေတာလား၊ စာတွေကိုပဲ သင်ပေး နေတာလား၊ စဉ်းစားဖို့ မကောင်းဘူးလားလို့ မုံလယ်ဆရာတော်ဘုရားကြီး လေသံနဲ့ ပြောရမလို ဖြစ်နေပြီ။ အမှန်က စိတ်ကိုအရင် သင်ပေးရဦးမှာ။ ဘာစိတ်လဲဆိုတော့ သင်ယူစိတ်ပေါ့။ စာကိုနောက် မှသင်ပါ။ စဉ်းစားတတ်အောင် သင်ပေးမယ်ဆိုရင် တော့ ပညာနယ်ထဲ ဝင်ပါတယ်။ သင်မှသိ၊ သိမှ ကျင့်၊ ကျင့်မှရ။ ရမှငြိမ်း ဆိုရင်တော့ ပညာလမ်း ဆုံးပြီ။
.
စာရေးသူ ပညာရေးမှာရှိစဉ် ပညာရေးဝန် ကြီး ဦးသန်းအောင်က တတ်သိနားလည်ဖို့ထက် အမှတ်နောက် ဂုဏ်ထူး နောက် လိုက်နေတဲ့ ပ ညာရေးဝန်ကြီး ဖြစ်နေတယ်လို့ ပြောခဲ့ဖူးတယ်။ ဝေဖန်ရေး၊ ဆရာစိန်ခင် မောင်ရည်က ဒါ ဖတ်ပြီး မှ ရုပ်ရှင်ကြည့်ပါတဲ့။ အဲဒီလိုပဲ ဝန်ကြီးရဲ့ စကား ကို ဆင်ခြင်စဉ်းစားပြီးမှ ပညာရေး လောကထဲ ဝင်လာ သင့်တယ်။ ကျွန်တော် သိထားသလောက် ပြန်ပြောတာပါ။ Coment အနေနဲ့ ပြောတာ။ ပညာဆိုတာ ကျယ်ဝန်း လှတယ်။ လောကီပညာ ထဲမှာ ဆက်ဆံရေးပညာ အခက်ခဲဆုံးလို့ ထင်ပါ တယ်။ လူတွေ စိတ်ဆင်းရဲဖြစ်ကြရတာ စားဝတ် နေရေး ကျပ်တည်းလို့ မဟုတ်ဘူး။ ဆက်ဆံရေး အဆင်မပြေလို့ ဖြစ်တာများပါတယ်။
.
ဒီတော့ ပညာဆိုတဲ့ အဓိပ္ပါယ်ကို စိတ်လွယ်လွယ် ဖွေရှာကြည့်တဲ့အခါ အဖြေတွေ အများကြီး တွေ့ရပါတယ်။ လောကအရေးကို ကွဲကွဲပြားပြား သိတာ၊ လုပ်သင့်မလုပ်သင့် ခွဲခြမ်းစိတ်ဖြာနိုင်တာ ဒါလည်း ပညာပါပဲ။ ပညာ ရဖို့ဆိုရင် စာပေဖတ် ရှုမှုလည်း လိုပါတယ်။ ဖတ်တဲ့အခါမှာလည်း စာ က မြှောက်ပေးတိုင်း မလုပ်ပါနဲ့။ ကိုယ်ပိုင် ဉာဏ် နဲ့ စဉ်းစား။ မဇ္ဈမပဋိပဒါ ဖြစ်သလား၊ ယထာဘူ တကျသလား။ ကျွန်တော်ကတော့ အမြဲတမ်း I am always a student ဖြစ်နေပါတယ်။ အမြဲ သင်ယူနေမှ ပညာတတ်လို့ ခေါ်ပါသတဲ့။ လေ့လာမှုမရှိတော့ရင် ပညာတတ်လို့ မဆိုသာ။ အ သက်ရှင်နေမယ်ဆိုရင် မနက်ဖြန်သေတော့မှာလို့ သဘောထားပြီး ရှင်သန်ပါ။ လေ့လာသင်ယူနေ မယ်ဆိုရင်တော့ ဘယ်တော့မှ မသေတော့ဘူးလို့ သဘောထားပြီး သင်ယူပါတဲ့။ မဟတ္တမ ဂန္ဓီရဲ့ ကမ္ဘာကျော် စကားတစ်ခွန်းပါ။
.
ကျွန်တော်စာရေးတဲ့အခါမှာ လေးစားအားကျ ရတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ မှတ်မှတ်သားသား စကား များကို အမြဲပင် ကိုးကား ဖြစ်ခဲ့ပါတယ်။ ခုလည်း ဆရာကြီး ဦးအောင်သင်းရဲ့ စကားတစ်ခွန်းကို ကိုးကားလိုက်ပါဦးမယ်။ ဆရာကြီးက သိင်္ဃသူ့သမီးကျောက်စာကို ဖတ်မိတော့မှ ''ငါလည်း အကြောင်းကိုသိတော့၊ ပညာရှိသော''စာသားကို တွေ့မှ ဟာ ပညာဆိုတာ အကြောင်းကို သိတာ ပါလားလို့ နားလည်းသွားပါသတဲ့။ တကယ်တမ်း မှာလည်း လောကကြီးသည် ကြောင်းကျိုးသံသ ရာ လည်ပတ်နေတဲ့ တစ်ခန်းရပ် ပြဇာတ်ဆိုတာ အမှန်ပါပဲလေ။
.
လောကကြီးကို အကြောင်းကျိုးတွေ ဖြစ် ခြင်း၊ ပျက်ခြင်းတွေ ရောပြွမ်းနေတာကလား။ ဗုဒ္ဓ ရဲ့ တရားနယ်ထဲမှာတော့ ကံ၊ စိတ်၊ ဥတု အာ ဟာရဆိုသော အကြောင်းတရား ၄ ပါးက အခိုင် အမာရပ်တည်နေပါတယ်။ ခုတလော ဥတုက နေမပွင့် မိုးက ဖွဲဖွဲရွာလိုက်၊ အုံ့မှိုင်းလိုက်နဲ့ နေ ရတာ အတော်ကသိကအောက် ဖြစ်နေရပါတယ်။ ဥတုဆိုတဲ့ အကြောင်းက ပြုပြင်နေတဲ့ သဘော။ စာရေးနေရင်း ထိုင်းမှိုင်းလာတယ်။ ကော်ဖီတစ် ခွက် ထပ်သောက်လိုက်တယ်။ ဆရာ ဒေါက်တာအောင်ကျော်ကို အားကျလို့။ ပို၍ ရွှင်သွားအောင် သီချင်းတစ်ပုဒ် ထဆိုလိုက်ပါတယ်။ ဥတုကို ခုခံ ကာကွယ်နေရတာ၊ တားလို့မရပါဘူး။ ကိုယ့်သ ဘောနဲ့ မရ၊ ဥတုက ကောင်းလိုက် တော်ကြာ ဆိုးဝါးလိုက်နဲ့ မမြဲ ပါလား။ ဒါကြောင့် သင်္ခါရ အ ကြောင်းတရားတွေကို ဟောကြားတော်မူခဲ့တဲ့ မြတ်စွာဘုရားကို ရှိခိုးဦးတင်မိပါတယ်။ အကြောင်း တရားတွေ မမြဲပါလားလို့ သိမထားရင် ပညာနဲ့ အသက်ရှင်ဖို့ ခဲယဉ်းသွားလိမ့်မယ်။
.
အကြောင်းတရားဖြစ်စေတယ် ပံ့ပိုးမှုပေး တယ်ပေါ့။ အကြောင်းတရားကောင်းရင် ဆိုင်ရာ သတ္တိနဲ့ ကောင်းကျိုးရမှာ ဖြစ်ခြင်းကြောင့် အ ကြောင်းကောင်းရပါတယ်။ မကောင်းတဲ့ အ ကြောင်းဆိုရင် ပယ်သတ်လိုက်၊ မကောင်းတဲ့အကျိုး ဖြစ်လာရင်လည်း ပယ်သတ်လိုက် ဒါပါပဲ။ လောကဥပမာအရ ဖုန်းတွေ ကားတွေပေါ်လာ တယ်။ ဒါအကြောင်းတရား တွေပဲ။ လိုချင်တာတွေ တစ်လွဲ လုံးစားလာတာတွေက အကျိုးတရားတွေ ပဲ။ ပယ်သတ်လိုက်ပေါ့။ သိစရာ ရှာဖွေ မွှေနှောက် ဖို့ ဖုန်းကို အသုံးပြုရမယ်။ ဝိသမလောဘကိုပယ် - သမလောဘလေးနဲ့ အသက်ရှင် ရပ်တည်ရမှာပေါ့။
.
ရောဂါတွေ ဖြစ်လာတဲ့အခါမှာလည်း အကြောင်းတွေ ရှာကြည့်ပါ။ ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းတရားတွေထဲမှာ ဝမ်းချုပ်ခြင်းကလည်း အကြောင်းတစ်ရပ် ဖြစ်နေပါတယ်။ ဝမ်းတစ်လုံး ကောင်းပါစေ၊ရောဂါသက်သာ ခေါင်းမခဲ ခန္ဓာ ကိုယ်ကြီးပေါ့သွားမယ်။ ဆရာဝန်က လူနာကို ဝမ်းချုပ်သလားလို့ အမြဲမေးတတ်တယ်နော်။ ဒီလို ဆိုရင် ရောဂါ ဖြစ်ခြင်းရဲ့ အကြောင်းတစ်ရပ်အဖြစ် ဝမ်းချုပ်ခြင်းကို ကောက်ပါ့မယ်။ တစ်နေ့တစ်ခါ ဝမ်းချူပေးသင့်ပါတယ်။ ဝမ်း မှန်လို့ ကျန်းမာပေါ့ ပါးနေတဲ့လူ၊ ထမင်းကို ဆားဖြူးစားတာတောင် အရသာရှိနေတဲ့ ဒေါင်ဒေါင်မြည် ကျန်းမာတဲ့ လူမျိုးကို ဆရာကြီး ရွှေဥဒေါင်းက ချီးကျူးလေးစား ပါသတဲ့။ အသိပညာ နည်းပါးတဲ့ခေတ်ကာလမှာ ရောဂါတွေ များပါတယ်။ ပြန်ကောက်ရရင် အကြောင်းအကျိုးတို့သည် အကြောင်းတစ်လှည့် အကျိုးတစ်လှည့် ဖြစ်နေပြန် သေးတယ်။ တရားသ ဘောအရ ကိလေသာဝဋ်ကြောင့် ကမ္မဝဋ် ဖြစ်၊ တစ်ခါ ကမ္မဝဋ်ကြောင့် ဝိဘာဂဝဋ် ဖြစ်လာတယ်။ ဒီလို ကြောင်းကျိုးတစ်လှည့်စီ သွားနေပါတယ်။ ဆိုလိုသည်မှာ အလိုလို ဖြစ်လာသည် မရှိ။ ဖန် ဆင်းထားသည် မရှိပါ။ အကြောင်းရှိလို့သာ အကျိုးဖြစ်လာရသည်မို့ အကြောင်းက ဘာလဲလို့ စိစစ်ကြည့်။
.
တစ်နေ့က မကွေးမှာရှိတဲ့ ကျွန်တော့်သားက ဖုန်းဆက်လာတယ်။ မကွေးသင်ကြားရေး တက္ကသိုလ် ခန္ဓာဗေဒဌာန ကထိက ဒေါက်တာ မို့မို့လွင် ဆေးခန်းကို သူသွားပြတာ၊ နတ်မောက်မှာ နေဖူးသလား။ ဆရာကြီး ဦးလှမြင့်သား လားလို့ မေးတယ်။ အဖေဟာ သူ့ဆရာလို့ ပြောပါသတဲ့။ အဖေ့ကို စာအိတ်လေးနဲ့ ငွေထည့်ပြီး ကန်တော့ လိုက်တယ်လို့ ပြောတယ်။ ဒီဒေါက်တာမလးက နတ်မောက်က တပည့်၊ ကျွန်တော် သူရဲ့ Bio ဆရာပါ။ တစ်ပြည်တစ်ရွာစီ တပည့်နဲ့ ဆရာဝေးခဲ့ တာ ၂၈ နှစ် ရှိပြီ။ သူမို့ဝေးပေးမယ့် မမေ့ဘူး။ သူလည်း ဆရာဆိုတဲ့ အကြောင်းတရား မရှိရင် ပညာတတ် ဆရာဝန်ကြီး မဖြစ်နိုင်ပါဘူးလို့ သိ နေပါလား။ ပညာအကြောင်းပြောရင် ဆရာ မပျောက်စေနဲ့လို့ ကျွန်တော့်ဆရာများကလည်း ဆုံးမထားပါတယ်။
.
ဆရာမရှိဘဲ တတ်တဲ့ပညာ ဤလူ့ ဤရွာ ဤကမ္ဘာမှာ ရှိမှ မရှိတာ။ မြတ်စွာဘုရားက လွဲ လို့ပေါ့။ ဖြည့်စွက်ပြောချင် တာလေး တစ်ခုရှိပါ သေးတယ်။ ကျိုင်းတုံမှာ ကျွန်တော့်ဆရာမောင် ရိုးဂုဏ်ရဲ့ တပည့်ကျောင်းဆရာတစ်ယောက်၊ ဘဝအမောတွေ ဆို့လာလို့ အရက်တွေသောက် နောက်ဆုံး အန်တဲ့အခါ သွေးပါလာလို့ ဆေးခန်း သွားပြတော့ ဒေါက်တာမလေးက အသဲက အထိ နာနေပြီလို့ ပြောပါတယ်။ သူက ကျောင်းစိမ်း ပုဆိုးကိုကြည့်ပြီး ကျောင်းဆရာ လားလို့ မေးတယ်။ ဟုတ်ပါတယ်ဆိုတော့ ကျွန်မက ကျောင်းဆရာ တွေကို သိပ်လေးစားပါတယ်တဲ့။ ကျွန်မ ဆရာ ဝန်ဖြစ်လာတာ ကျောင်းဆရာတွေရဲ့ ကျေးဇူးပါ တဲ့။ ပညာပေးတဲ့ကျောင်းဆရာက အလွန်အကျွံ သောက်နေတာ မလျော်ကန်ပါဘူး။ လေးစားလို့ ပြောမိတာ ခွင့်လွှတ်ပါရှင်တဲ့။ ဒီလို ဆရာဝန်မ လေးတွေ ဆေးလောကမှာ ရှိနေတာ လာခြင်း ကောင်းပါပေတယ်။ ကျေးဇူးမှန်သမျှ သိတတ်သူ တိုင်းကို မြတ်ဗုဒ္ဓ အဆုံးအမနဲ့ ဆိုရင် လူတော် လူကောင်းလို့ သတ်မှတ်ရပါမယ်။ ကျေးဇူးတရား ဆိုတာ အကြောင်းတစ်ရပ် အနေနဲ့ လူတွေနဲ့ ပေါင်းစပ်နေတာကိုး။
.
အကြောင်းကိုသိတာ ပညာလို့ ဆိုလိုက်ပေမယ့် ပညာရဲ့ ရပ်ဝန်းဒေသက ကျယ်ဝန်းလှပေတယ်။ လောကုတ္တရာ မှာတော့ ထွန်းလင်းတောက်ပတဲ့သဘော။ အမှောင်ခွင်း အလင်းဆောင်တဲ့ သဘော ဝိဇ္ဇာကို ဆိုလိုတာပါ။ လောကီ နယ်မှာတော့ အကျိုးအပြစ် ခွဲခြားနိုင်ခြင်း၊ ကြောင်းကျိုး ဆင်ခြင်တတ်ခြင်းရယ်လို့ ဆရာတော် ဒေါက်တာ နန္ဒမာလာ ရဲ့ စကားကို ကိုးကားလိုက်ပါတယ်။သည်တော့ကား ဒီခေတ်ကို ပညာခေတ်လို့ ခုမှ ပြောလာကြပေမယ့် ကျွန်တော့် သဘောကတော့ ဘယ်ခေတ်ဖြစ်ဖြစ် ပညာ့ခေတ်ပါပဲလို့ ဆိုပြော လိုက်ပါရစေ။ မည်သို့ဆိုစေ၊ အရာရာမှာ အကြောင်းကို သိ၍ ပညာဖြင့် ဆင်ခြင်ကြရမှာပဲ လေ မဟုတ်ပါလား။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats